Border News Agency
မြောက်ဦး၊မေ ၁၂။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ရဲ့ ရက္ခိတလမ်းစဉ်ကို အကောင်အထည်ဖော်နေတဲ့ တော်လှန်ရေးကာလမှာ အာရက္ခပြည်သူတွေဟာ နည်းလမ်းမျိုးစုံနဲ့ ပူးပေါင်းပါဝင်နေကြပါတယ်။
အဲဒီထဲမှာအာရက္ခစစ်သည်တော်တွေနဲ့အတူ အရပ်ဘက်၊ စစ်ဘက်ကသူနာပြုတွေဟာလည်း ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ကျန်းမာရေးဝန်ဆောင်မှုတွေကို ရဲရဲဝံ့ဝံ့ ပေးအပ်နေကြတာပါ။
မေလ ၁၂ ရက်၊ဒီနေ့မှာကျရောက်တဲ့အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့မှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကရှေ့တန်းစစ်မျက်နှာပြင်နဲ့ ဆေးရုံ၊ဆေးခန်းတွေမှာ ရန်သူ့လက်နက်ကြီးနဲ့ လေကြောင်းရန်တွေကြားက တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုတွေကို အထူးဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးက သူနာပြုတွေနဲ့ ကမ္ဘာတဝှမ်းက သူနာပြုအားလုံးကိုလည်း ဂုဏ်ပြုထားပါတယ်။
တော်လှန်ရေးကာလအတွင်း ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ရင်း အသက်၊ ခန္ဓာပေးဆပ်စွန့်လွှတ်သွားခဲ့ကြတဲ့ သူနာပြုအားလုံးကိုလည်း အလေးအနက် ဂါရဝပြုတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အာရက္ခသူနာပြုတွေဟာ ကျန်းမာရေးကဏ္ဍရဲ့ အဓိကမဏ္ဍိုင်ဖြစ်သလို အနာဂတ် အာရက္ခကျန်းမာရေးစနစ် တိုးတက်ဖို့အတွက်လည်း အရေးကြီးတဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်လို့ဆိုပါတယ်။
အခက်အခဲပေါင်းစုံကြားကနေ စေတနာ၊ ကရုဏာအပြည့်နဲ့ ပြုစုစောင့်ရှောက်ပေးမှုတွေကြောင့် ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တာလို့လည်းဆိုပါတယ်။
“Our Nurses. Our Future. Empowered Nurses Save Lives” ဆိုတဲ့ ဒီနှစ်ဆောင်ပုဒ်အတိုင်း သူနာပြုတွေဟာ အားလုံးရဲ့ အနာဂတ်ဖြစ်သလို လူသားတွေရဲ့ အသက်ကို ကယ်တင်ပေးနေတဲ့ စွမ်းဆောင်ရည်ပြည့်ဝသူတွေ ဖြစ်ကြတယ်လို့ဆိုပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာန အနေနဲ့လည်း သူနာပြုတွေရဲ့ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာဖို့နဲ့ လုပ်ငန်းခွင် ဘေးကင်းလုံခြုံဖို့အတွက် ဆက်လက် ပံ့ပိုးပေးသွားမယ်လို့ ဆိုပါတယ်။
အာရက္ခသူနာပြုတွေအားလုံး ကျန်းမာစွာနဲ့ ပြည်သူ့အကျိုးကို ဆက်လက် သယ်ပိုးနိုင်ပါစေကြောင်းနဲ့ အာရက္ခနိုက်တင်ဂေးလ်တွေပေါ်ထွက်လာပါစေကြောင်း ဆုမွန်ကောင်းတောင်းထားပါတယ်။





