Border News Agency
အီရန်၊ မေ ၁၂။
အီရန်နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေမြင့်တက်နေတာကို ထိန်းညှိဖို့အတွက် အမေရိကန်စွမ်းအင်ဌာနက အရန်ရေနံစည်ပေါင်း ၅၃.၃ သန်းကိုထုတ်ပေးဖို့ စတင်လိုက်ပြီလို့သိရပါတယ်။
အဲဒီလုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) နဲ့ ညှိနှိုင်းပြီး ရေနံဈေးကွက်ကို အမြန်ဆုံးတည်ငြိမ်အောင် လုပ်ဆောင်တာလည်းဖြစ်ပါတယ်။
အရန်ရေနံတွေကို ထုတ်ယူခွင့်ရဖို့အတွက် ကုမ္ပဏီ ၉ ခုကို စာချုပ်ချုပ်ဆိုပေးခဲ့ပြီး Trafigura Trading LLC ကုမ္ပဏီက ၁၃ သန်းနီးပါးနဲ့ အများဆုံးရရှိခဲ့ပါတယ်။
ကျန်တဲ့ ကုမ္ပဏီတွေထဲမှာ Marathon Petroleum နဲ့ ExxonMobil တို့လည်းပါဝင်ပြီး သူတို့ကတော့စည်ပေါင်း ၁၂ သန်းဝန်းကျင်စီ အသီးသီးရရှိမှာဖြစ်ပါတယ်။
အမေရိကန်စွမ်းအင်ဌာနရဲ့အစီအစဉ်အရ ဒီရေနံတွေကိုထုတ်ယူသုံးစွဲတဲ့ ကုမ္ပဏီတွေအနေနဲ့ နောက်ပိုင်းမှာရေနံစည်အသစ်တွေကို အရန်သိုလှောင်ရုံထဲ ပြန်လည်ဖြည့်တင်းပေးရမှာဖြစ်ပါတယ်။
အခုလိုအရန်ရေနံတွေထုတ်ပေးလိုက်တာဟာ လက်ရှိရေနံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ စျေးကွက်ထဲရေနံစီးဆင်းမှု မြန်ဆန်စေဖို့ ရည်ရွယ်တာပါ။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလနှောင်းပိုင်းကစပြီး အမေရိကန် – အစ္စရေးနဲ့ အီရန်တို့ကြား စစ်ပွဲဖြစ်ပွားခဲ့တာကြောင့် ရေနံဈေးတွေဟာ တဟုန်ထိုးတက်သွားခဲ့တာဖြစ်ပါတယ်။
အထူးသဖြင့် အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားတဲ့အတွက် ကမ္ဘာ့ရေနံကုန်သွယ်မှုရဲ့ ၅ ပုံ ၁ ပုံလောက်ဟာ ရပ်တန့်နေရပါတယ်။
တဖက်မှာလည်း အီရန်ရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကို သမ္မတ ထရမ့်က ပယ်ချလိုက်ပြီး အပစ်အခတ်ရပ်စဲရေးဟာလည်း စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဒီလို တင်းမာမှုတွေကြောင့် ဒီနေ့မနက်ပိုင်းမှာ ရေနံတစ်စည်ကို ၁၀၅ ဒေါ်လာအထိ ဈေးထပ်တက်သွားပြီး အမေရိကန် သမ္မတကတော့ လောင်စာဆီအခွန်တွေကို ကင်းလွတ်ခွင့်ပေးဖို့အထိ စဉ်းစားနေတယ်လို့ သိရပါတယ်။





