Border News Agency
အောင်ပန်း၊ မေ ၁၂။
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ စိတ်ကြွရူးသွပ်ဆေးပြားတသောင်း ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က မေလ ၁၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီအောင်ပန်း – ပင်းတယကားလမ်းဘေးကင်းလှည့်နေတဲ့ပူးပေါင်းအဖွဲ့ဟာ မေလ ၁၁ ရက်နေ့မှာ မသင်္ကာဖွယ်လူနှစ်ဦးကို စစ်ဆေးရာကနေ အခုလိုဖမ်းမိခဲ့တာလို့ဆိုပါတယ်။
အဲဒီ ဖမ်းဆီးရမိသူတွေဟာ စိုင်းပန်ချိန်နဲ့နန်းရွှေယိင်းတို့ဖြစ်ပြီး အမျိုးသမီးဖြစ်သူနန်းရွှေယိင်းလွယ်ထားတဲ့ ချည်လွယ်အိတ်ထဲမှာ WY စာတမ်းပါ စိတ်ကြွဆေးပြားတွေကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဲဒီဆေးပြားစုစုပေါင်းတသောင်းအထိရှိသလို အလေးချိန် ၉၀၀ ဂရမ်ရှိကာ ဒေသကာလပေါက်ဈေးအရ သိန်း ၃၀ ဖိုးလောက် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။
အဲဒီသက်သေခံပစ္စည်းတွေနဲ့အတူ တရားခံနှစ်ဦးစလုံးကို ရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်းဆိုပါတယ်။
အဲဒီတရားခံတွေကို အောင်ပန်းနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့လည်း ဆိုပါတယ်။





