Border News Agency
အာဖရိက၊မေ ၁၇။
ကွန်ဂိုနဲ့ယူဂန္ဓာနိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါကူးစက်မှုတွေဟာ နိုင်ငံတကာအဆင့်ထိ စိုးရိမ်ရမယ့် ခြိမ်းခြောက်မှု ဖြစ်လာတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် မေလ ၁၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ဒါပေမယိ့ အခု ဘွန်ဒီဗျူဂိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ရောဂါဟာ တကမ္ဘာလုံးအတိုင်းအတာ ကပ်ရောဂါအဆင့် ကြေညာရမယ့် အခြေအနေအထိတော့ မဟုတ်သေးဘူးလို့ ဆိုပါတယ်။
လက်ရှိမှာ အီဘိုလာ ကူးစက်မှုကြောင့် လူ ၈၇ ဦး သေဆုံးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာ ၈ ဦးနဲ့ သံသယလူနာ ၂၄၆ ဦးအထိ ရှိနေပြီဖြစ်ကာ ကွန်ဂိုရဲ့ အီတူရီပြည်နယ်နဲ့ ယူဂန္ဓာမြို့တော် ကမ်ပါလာတို့ဟာ ရောဂါအန္တရာယ်အရှိဆုံး ဇုန်တွေ ဖြစ်နေပါတယ်။
အသက်အန္တရာယ်ရှိတဲ့ အီဘိုလာရောဂါဟာ တိရစ္ဆာန် (လင်းနို့၊ မျောက်ဝံ) တွေကနေတဆင့် လူသားတွေဆီ ကူးစက်တာဖြစ်ပြီး လက်ရှိမှာတော့ သီးသန့်ကုထုံးမရှိသေးဘဲ ရောဂါလက္ခဏာ သက်သာအောင်ပဲ ကုသပေးနိုင်ကာ ကာကွယ်ဆေးအချို့တော့ ရှိတယ်လို့ သိရပါတယ်။
WHO အနေနဲ့ ဒေသခံအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ရောဂါထိန်းချုပ်ဖို့ ကြိုးစားနေသလို၊ ရောဂါဟာ လူနာရဲ့ သွေးနဲ့ ခန္ဓာကိုယ်ထွက်အရည်တွေကနေ ကူးစက်တတ်တာမို့ ကျန်းမာရေးဝန်ထမ်းတွေကို အကာအကွယ်ဝတ်စုံတွေ စနစ်တကျဝတ်ဆင်ဖို့ အကြံပြုထားပါတယ်။






