Border News Agency
ဖားကန့်၊ မေ ၁၇။
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာ ရပ်ကွက် ၄ က အနှိပ်ခန်းဖွင့်ထားတဲ့ အိမ်တလုံးပေါ်ကို မေ ၁၇ ရက်၊ ဒီနေ့ နေ့လည်၁ နာရီအချိန်က လက်နက်ကြီးကျပြီးမီးလောင်ခဲ့လို့ အသက်ကြီးပိုင်းတွေအပါအဝင် အမျိုးသမီး ၃ ဦး မီးလောင်သေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အဲဒီလက်နက်ကြီးကျလို့ မီးလောင်နေအိမ်ကို မီးသတ်ကား ၂ စီးနဲ့ဝိုင်းငြှိမ်းခဲ့ရပြီး မီးအမြန်ငြိမ်းသွားတာကြောင့် ဘေးအိမ်တွေကို ကူးစက်တာမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။
ဒါပေမယ့်အိမ်ထဲမှာရှိနေတဲ့ အသက် ၇၂ နှစ်အရွယ် ဒေါပုံ၊ အသက် ၆၀ အရွယ်ဒေါ်ခင်ဝင်းနဲ့ အသက် ၂၂ နှစ်အရွယ်မမော်မော်စိန်တို့ ၃ ဦးက မီးထဲပါပြီးသေဆုံးသွားခဲ့ရတယ်လို့ဆိုကြပါတယ်။
အဲဒီလက်နက်ကြီးကျည်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ဆန်းကြွယ်ဘုရားကုန်းဘက်ကနေ ရွယ်ရည်ချက်ရှိရှိပစ်ခတ်လိုက်တာလို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီဖားကန့်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေလို့မေလဆန်းကတည်းက စစ်ရေး တင်းမာနေတာလို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီလုံးခင်းရွာအုပ်စုထဲမှာလည်း အာဏာသိမ်းစစ်တပ် ဝင်ရောက်နေရာယူထားတာကြောင့် အခုလိုလူနေရပ်ကွက်တွေထဲ လက်နက်ကြီးပစ်ခတ်တာတွေပြုလုပ်နေတာလို့ ဆိုကြပါတယ်။








