Border News Agency
စစ်ကိုင်း၊မေ ၁၈။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးတာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်လုပ်နေတာကြောင့် မုံရွာ-ချောင်းမ-ယာကြီး-ကလေးလမ်းပိုင်းနဲ့ ချင်းတွင်းမြစ်ကြောင်း ရေလမ်းခရီး သွားလာခွင့်တွေကို မေ ၁၇ ရက် ကစပြီး ယာယီပိတ်သိမ်းလိုက်တယ်လို့ကနီမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့ကထုတ်ပြန်ပါတယ်။
အဲဒီကနီမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေဟာ ကျေးရွာတွေထဲကို လှည့်လည်စစ်ကြောင်းထိုးနေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို မတရားဖမ်းဆီး နှိပ်စက်သတ်ဖြတ်တာတွေကို လူသားချင်းစာနာမှုကင်းမဲ့စွာ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ ဆေးရုံ၊ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေကိုပါ ပစ်မှတ်ထားပြီး လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေတာလို့ဆိုပါတယ်။
အဲဒီစစ်ရေးအခြေအနေတွေကြောင့်ပြည်သူတွေအနေနဲ့ လုံခြုံရေးအသိ၊ သတိအပြည့်နဲ့ သွားလာလှုပ်ရှားကြဖို့ အထူးလိုအပ်နေပြီး လုံခြုံရေးအရ စိုးရိမ်ရတဲ့ အခြေအနေရှိတာကြောင့် အခုလို ကုန်းလမ်းနဲ့ ရေလမ်းခရီးစဉ်တွေကိုမေလ ၁၇ ရက်နေ့ကစတင်ကာ ဒေသန္တရအမိန့်နဲ့ ယာယီပိတ်သိမ်းလိုက်ရတာဖြစ်တယ်လို့ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။
ဒါ့အပြင် အဲဒီလမ်းပိုင်းနဲ့ မြစ်ကြောင်းတလျှောက် သွားလာခွင့်ကို ခွင့်ပြုချက်အသစ် တစုံတရာ ထပ်မံထုတ်ပြန်တာမရှိသေးခင်အထိအတည်ဖြစ်ပြီး၊ အကယ်လို့ ခွင့်ပြုချက်မရှိဘဲ သွားလာလှုပ်ရှားခဲ့လို့ ဘေးအန္တရာယ်တစုံတရာ ကြုံတွေ့ရပါက မိမိတို့အဖွဲ့အနေနဲ့ တာဝန်ယူဖြေရှင်းပေးသွားမှာ မဟုတ်ဘူးလို့လည်းလည်းဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ အာဏာသိမ်းစစ်တပ်က နယ်မြေစိုးမိုးမှုပြန်ရဖို့အတွက် စစ်ကြောင်းအင်အားအလုံးအရင်းနဲ့ ကုန်းလမ်း၊ ရေလမ်းတွေကနေပါ ဖိအားပေးတိုက်ခိုက်နေတာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
အုပ်ချုပ်ရေးအဖွဲ့ဘက်ကတော့ သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဆီကိုလည်း ဒီညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာဆောင်ရွက်ဖို့ ဖြန့်ဝေအကြောင်းကြားထားတယ်လို့ သိရပါတယ်။




