Border News Agency
တနင်္သာရီတိုင်း၊မေ ၁၈။
တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်အတွင်းမှာ ဗောဓိကမ်းတံတားဘက်ကနေ အာဏာသိမ်းစစ်တပ်ရဲ့ ခမရ ၅၁တပ်ရင်းဘက်ကို ဦးတည်မောင်းနှင်လာတဲ့ စစ်ကားတန်းကို မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ၅ ဦးသေဆုံးခဲ့တယ်လို့ PDF မြိတ်ခရိုင် တပ်ရင်း ၂ က မေလ ၁၇ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြီးခဲ့တဲ့ မေလ ၁၄ ရက် မနက် ၁၁ နာရီအချိန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဗောဓိကမ်းတံတားဘက်ကနေ လာတဲ့ ကျောက်တင်ကား ၂ စီး၊လမ်းကြိမ်ကား တင်လာတဲ့ တွဲကား ၁ စီးနဲ့ ဆီပုံးတွေ တင်ဆောင်လာတဲ့ ကားငယ် ၁ စီးတို့ကို ခြောက်မိုင်ရွာအနီးအရောက်မှာ မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကား ၄ စီးလုံး လမ်းပေါ်မှာ ရပ်တန့်သွားခဲ့ရပြီး အဲဒီအထဲက ကျောက်တင်ကား ၁ စီးကတော့ လုံးဝ ပျက်စီးသွားခဲ့တယ်လို့လည်းဆိုပါတယ်။
အဲဒီလို မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာတော့ အာဏာသိမ်းစစ်တပ်ဘက်က ဘန်လောလမ်းဆုံ၊ ခြောက်မိုင်ရွာနဲ့ လငုလမ်းဆုံ လမ်းကြောင်းတလျှောက်လုံးမှာ လုံခြုံရေးအင်အားတွေ အဆမတန် တိုးမြှင့်ချထားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို လုံခြုံရေးယူထားတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြား လမ်းကြောင်းတလျှောက်မှာ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီနေ့ ညနေ ၃ နာရီဝန်းကျင်မှာလည်း ခြောက်မိုင်ရွာအနီးမှာ နေရာယူထားတဲ့ အာဏာသိမ်းစစ်တပ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ၆၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေဟာ ညပိုင်းအထိ ဆက်ဖြစ်ပွားခဲ့ပြီး ည ၆ နာရီ ၅၀ မိနစ်အချိန်မှာ လငုလမ်းဆုံအနီးက ရန်သူ့တပ်ဖွဲ့ဝင်တွေကို ၈၀ မမ လက်နက်ကြီး ၂ လုံးနဲ့ ထပ်မံပစ်ခတ်နှိမ်နင်းခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်ဘက်က အထိအခိုက် အကျအဆုံးတွေ ထပ်ပြီး ရှိနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီ တနင်္သာရီတိုင်းအတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ရိက္ခာနဲ့လက်နက်ခဲယမ်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်နေတာကြောင့် စစ်ရေးအခြေအနေတွေဟာ တောက်လျှောက် တင်းမာနေဆဲလို့ဆိုပါတယ်။
အဲဒါကြောင့် ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ယာဉ်တန်းတွေနဲ့ ဝေးဝေးနေကြဖို့နဲ့ စစ်ရေးသတိ အမြဲရှိကြဖို့ကိုလည်း တိုက်တွန်းနှော်ဆော်ထားပါတယ်။





