Border News Agency
ယူအေအီး၊မေ ၁၈။
ယူအေအီးနိုင်ငံ၊အဘူဒါဘီမြို့တော် အယ်လ်ဒါဖရာဒေသမှာရှိတဲ့ ဘာရာကာနျူကလီးယားစွမ်းအင်စက်ရုံဟာမေ ၁၇ ရက်နေ့မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရပြီး စက်ရုံဝန်းအပြင်ဘက်က လျှပ်စစ်မော်တာ/ဂျင်နရေတာတခု မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အဲဒါဟာ အာရေဗျကျွန်းဆွယ်ရဲ့ ပထမဆုံးနဲ့ တခုတည်းသော နျူကလီးယားစက်ရုံကြီးဖြစ်ပြီး အမေရိကန်-အီရန် စစ်ပွဲအတွင်း ပထမဆုံးအကြိမ် ပစ်မှတ်ထား တိုက်ခိုက်ခံလိုက်ရတာလည်း ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိသလို နျူကလီးယားဓာတ်ရောင်ခြည် ဘေးအန္တရာယ် စိမ့်ထွက်မှုလည်း မရှိဘဲ စက်ရုံရဲ့ စနစ်အားလုံး ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ အဘူဒါဘီ ပြန်ကြားရေးရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ကလည်း ဒီဖြစ်စဉ်အပေါ် အထူးစိုးရိမ်ကြောင်းနဲ့ နျူကလီးယားလုံခြုံရေးကို ခြိမ်းခြောက်တဲ့ စစ်ရေးလှုပ်ရှားမှုမျိုးဟာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူးလို့ ချက်ချင်းတုံ့ပြန် ပြောဆိုလိုက်ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ဘယ်အဖွဲ့အစည်းတိုက်ခိုက်တယ်ဆိုတာကို ထုတ်ဖော်ပြောဆိုတာ မရှိသေးသလို ယူအေအီးအစိုးရဘက်ကလည်း ဘယ်သူ့လက်ချက်လဲဆိုတာကို အမည်တပ် စွပ်စွဲပြောဆိုတာမရှိသေးပါဘူး။
ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက ယူအေအီးနိုင်ငံဟာ အစ္စရေးရဲ့ အိုင်းရွန်ဒုမ်းဒုံးခရိုံစနစ်တွေနဲ့ စစ်တပ်ကို လက်ခံထားတာကြောင့် အီရန်ဘက်က ယူအေအီးကို ပြင်းပြင်းထန်ထန် သတိပေး ခြိမ်းခြောက်မှုတွေ လုပ်ထားခဲ့ဖူးပါတယ်။
ဒီတိုက်ခိုက်မှုဟာ အမေရိကန်နဲ့ အီရန်အကြား ယာယီအပစ်ရပ်စဲရေး ညှိနှိုင်းမှုတွေ အကျပ်ရိုက်နေပြီး ဟောမုဇ်ရေလက်ကြား ပိတ်ဆို့မှုတွေကြောင့် ကမ္ဘာ့လောင်စာဆီဈေးကွက် ဂယက်ရိုက်နေချိန်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
တဖက်မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စစ်ပွဲပြန်စနိုင်တယ်လို့ သတိပေးထားသလို အီရန်ဘက်ကလည်း ပြည်သူတွေကို စစ်ပြင်ခိုင်းထားတာကြောင့် ဒေသတွင်း စစ်ရေးတင်းမာမှုက အမြင့်ဆုံး အခြေအနေကို ရောက်ရှိနေတာပါ။
ယူအေအီး နျူကလီးယားစက်ရုံ အတိုက်ခံရတဲ့ ဖြစ်စဉ်ကြောင့် အရှေ့အလယ်ပိုင်း စစ်ပွဲအရှိန်ဟာ တခြားပင်လယ်ကွေ့နိုင်ငံတွေဆီအထိပါ ပိုမိုကျယ်ပြန့် လောင်ကျွမ်းလာမှာကို နိုင်ငံတကာက စိုးရိမ်နေကြပါတယ်။
ကာလတန်ဖိုး ဒေါ်လာ ၂၀ ဘီလီယံကျော် တန်ဖိုးရှိတဲ့ အဆိုပါ ဘာရာကာ နျူကလီးယားစက်ရုံဟာ ယူအေအီးနိုင်ငံ တနိုင်ငံလုံး လျှပ်စစ်လိုအပ်ချက်ရဲ့ လေးပုံတစ်ပုံကို ဖြန့်ဖြူးပေးနေတဲ့ အဓိက အခြေခံအဆောက်အအုံကြီး ဖြစ်ပါတယ်။





