Border News Agency
စစ်ကိုင်း၊ မေ ၁၈။
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းဒေသမှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နေတာကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသတွေနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ အနောက်တောင်မုတ်သုံလေဟာ အားကောင်းရာကနေ အားအလွန်ကောင်းလာနိုင်တယ်လို့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက မေလ ၁၈ ရက်၊ ဒီနေ့သတိပေးနှိုးဆော်ထားပါတယ်။
အဲဒီလေဖိအားနည်းရပ်ဝန်းဟာ မေလ ၁၈ ရက်ကနေ မေလ ၂၄ ရက်အထိ တပတ်စာ မိုးလေဝသခန့်မှန်းချက်အရ ဆက်လက်တည်ရှိနေမှာဖြစ်ပြီး အနောက်တောင်ဘက်ကို ရွေ့လျားနိုင်တယ်လို့ခန့်မှန်းရပါတယ်။
ဒါကြောင့်မြန်မာနိုင်ငံဒေသအများစုမှာ အနောက်တောင်မုတ်သုံလေ အားကောင်းမှုနဲ့အတူ အရှေ့ဘက်၊ အနောက်ဘက်တွေကလာတဲ့ လေစီးကြောင်းတွေပေါင်းစုံမိပြီး နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြားအထိ မိုးထစ်ချုန်းရွာသွန်းနိုင်ခြေရှိနေတာ ဖြစ်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေအနေနဲ့ကတော့ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကချင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သလို တခြားဒေသတွေမှာလည်း မိုးသည်းထန်စွာရွာသွန်းနိုင်ပါတယ်။
အခုလိုမိုးရွာသွန်းပြီး မုတ်သုံလေအားကောင်းလာတာကြောင့် တနိုင်ငံလုံးမှာရှိတဲ့ နေ့အပူချိန်တွေဟာလည်း ပုံမှန်ရှိနေကျ အပူချိန်အောက်ကို သိသိသာသာပြန်လည်ကျဆင်းသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခုဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဒေသအချို့မှာ လေပြင်းတိုက်ခိုက်တာ၊ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာမျိုးတွေအပြင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးတာနဲ့ တောင်ကျချောင်းရေကြောင့် မြေပြိုတာ၊ ကမ်းပါးပြိုတာတွေပါ ဖြစ်ပေါ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းအောင် အထူးသတိပြုနေထိုင်ကြဖို့ လိုအပ်ပါတယ်။
အဲဒီထဲ တော်လှန်ရေးနယ်မြေအသီးသီးမှာရှိကြတဲ့ ရဲဘော်တွေနဲ့ စစ်ရှောင်မိဘပြည်သူတွေအနေနဲ့ မိုးသက်လေပြင်းဒဏ်နဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်ပြင်ဆင်ကာကွယ်ထားကြဖို့ တိုက်တွန်းထားပါတယ်။
ကမ်းရိုးတန်းနဲ့ ပင်လယ်ပြင်ဘက်က ရေလုပ်သားတွေနဲ့ ခရီးသွားပြည်သူတွေအနေနဲ့လည်း ရေကြောင်း၊ လေကြောင်း သတိပေးချက်တွေကို အမြဲစောင့်ကြည့်ကြဖို့ နှိုးဆော်ထားကြောင်းသိရပါတယ်။







