Border News Agency
အီရန်၊မေ ၁၉။
အမေရိကန်နဲ့အီရန်တို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကိုအဆုံးသတ်ဖို့ အမေရိကန်ဘက်က ကမ်းလှမ်းချက်အပေါ် အီရန်အစိုးရက သူတို့ရဲ့ တုံ့ပြန်ချက်ကိုကြားခံစေ့စပ်ပေးသူ ပါကစ္စတန်နိုင်ငံကတဆင့် အမေရိကန်ထံပြန်လည်ပေးပို့လိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးအတွက် အဆိုပြုချက်တွေ အပြန်အလှန် ပေးပို့ခဲ့ကြပေမယ့် ဆွေးနွေးပွဲတွေဟာ လက်ရှိမှာ ရပ်တန့်နေပြီး လက်ရှိယာယီအပစ်ရပ်မှုဟာလည်း ပြိုကွဲလုနီးပါး ဖြစ်နေပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါဟီက အီရန်အနေနဲ့ ပြည်ပမှာ ပိတ်ဆို့ခံထားရတဲ့ သူတို့ရဲ့ ဘဏ္ဍာရေးပိုင်ဆိုင်မှုတွေကို ပြန်လည်လွှဲပြောင်းပေးဖို့၊အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့နဲ့ မဟာဗျူဟာမြောက် ဟော်မုဇ်ရေလက်ကြားအပေါ်သူတို့ရဲ့ ထိန်းချုပ်ပိုင်ခွင့်ကို ဆက်လက်အသိအမှတ်ပြုဖို့ တောင်းဆိုထားတယ်လို့ မေလ ၁၈ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်အစိုးရဘက်ကတော့ အီရန်အနေနဲ့ နျူကလီးယားစီမံကိန်းတွေကို အကုန်ဖျက်သိမ်းပြီး သန့်စင်ပြီးယူရေနီယံတွေကို အမေရိကန်ထံ လွှဲပြောင်းပေးအပ်ဖို့နဲ့ ကမ္ဘာ့ရေနံ ၅ ပုံ ၁ ပုံ ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားကို ချက်ချင်းပြန်ဖွင့်ပေးဖို့ အချက် ၅ ချက်ပါ ကမ်းလှမ်းချက်မှာ ထည့်သွင်းတောင်းဆိုထားပါတယ်။
ဒါပေမယ့်အမေရိကန်ဘက်က အီရန်ရဲ့ အေးခဲထားတဲ့ ပိုင်ဆိုင်မှု ၂၅ ရာခိုင်နှုန်းကိုတောင် ပြန်လွှတ်ပေးဖို့ ငြင်းဆန်ထားသလို စစ်လျော်ကြေးပေးဖို့ကိုလည်း ပယ်ချထားပါတယ်။
လက်ရှိအခြေအနေတွေ တင်းမာနေချိန်မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အတွက်အချိန်သိပ်မကျန်တော့ဘဲ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်မချရင် နိုင်ငံအတွင်း ဘာမှကျန်တော့မှာမဟုတ်ဘူးလို့ သတိပေးထားပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးကလည်း ဂျီဆဲဗန်း (G7) ဘဏ္ဍာရေးဝန်ကြီးတွေကို အီရန်အပေါ် ပိတ်ဆို့မှုတွေ ပိုမိုတင်းကျပ်ဖို့ တိုက်တွန်းထားသလို သမ္မတထရမ့်ဟာ အင်္ဂါနေ့မှာ အမျိုးသားလုံခြုံရေးအကြံပေးတွေနဲ့တွေ့ဆုံပြီး စစ်ရေးအရ ပြန်လည်တိုက်ခိုက်မယ့် ရွေးချယ်စရာတွေကို ဆွေးနွေးဖို့ ရှိနေပါတယ်။
လေ့လာသူတွေကတော့အမေရိကန်အနေနဲ့ လာမယ့်တရက်နှစ်ရက်အတွင်း စစ်ပွဲကို ပြန်လည်စတင်နိုင်တယ်လို့ သုံးသပ်နေကြပေမယ့် အီရန်ဘက်ကတော့ အခြေအနေအရပ်ရပ်အတွက် အပြည့်အဝ ပြင်ဆင်ထားတယ်လို့ တုံ့ပြန်ပါတယ်။
အီရန်ပြောရေးဆိုခွင့်ရှိသူ ဘာဂါဟီက ရန်သူ့ဘက်က အမှားအယွင်းအသေးအမွှားလေးတစ်ခု လုပ်တာနဲ့ ဘယ်လိုထိရောက်တဲ့ တုံ့ပြန်မှုမျိုး လုပ်ဆောင်ရမလဲဆိုတာ မိမိတို့ဘက်က ကောင်းကောင်းသိထားပြီးဖြစ်တယ်လို့ သတိပေးပြောကြားထားပါတယ်။






