Border News Agency
အိန္ဒိယ၊ မေ ၁၉။
မြန်မာနိုင်ငံကနေအိန္ဒိယဘက်ကို မူးယစ်ဆေးဝါးတင်သွင်းနေတဲ့ အဓိကကြိုးကိုင်သူ မြန်မာနိုင်ငံသားတဦးကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါနယ်။
အဲဒီနယူးဒေလီမြို့မှာ မေလ ၁၆ ရက်၊မနက် ၁၁ နာရီခွဲအချိန်ခန့်မှာ အိန္ဒိယမူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဖမ်းဆီးခံရသူဟာချင်းပြည်၊ဘူးလ်ဖက်ခ် ရွာမှ ထန်းကျင်သွာန်း (Thancintuang) လို့ သိရပါတယ်။
သူဟာ မြန်မာနိုင်ငံဘက်ကနေ ဘိန်းဖြူနဲ့ စိတ်ကြွဆေးပြားတွေကို အိန္ဒိယနိုင်ငံရဲ့ နယ်စပ်ပြည်နယ်တွေဆီ အဓိက တင်ပို့ဖြန့်ဖြူးနေတဲ့ ဂိုဏ်းချုပ်တဦး ဖြစ်တာကြောင့် အိန္ဒိယ NCB အဖွဲ့က သူ့ကိုဖမ်းမိဖို့ ရေရှည်စုံစမ်းစစ်ဆေးခဲ့ရတာလို့ဆိုပါတယ်။
အဲဒီမြန်မာနိုင်ငံဘက်ကနေ တရားမဝင် တင်ပို့လာတဲ့မူးယစ်ဆေးဝါးတွေကို မီဇိုရမ်၊ အာသံ၊ မဏိပူရ်နဲ့ ထရီပူရား ပြည်နယ်တွေကို အခြေစိုက်စခန်းအဖြစ် ဖြတ်သန်းစေခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှ အိန္ဒိယနိုင်ငံအတွင်းပိုင်း မြို့ကြီးတွေနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအထိ ကွန်ရက်ချိတ်ဆက်ကာ လိုက်လံဖြန့်ကျက် ရောင်းချနေကြတာ ဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ တရားခံ ထန်းကျင်သွာန်းကို အိန္ဒိယနိုင်ငံရဲ့တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် နယူးဒေလီမြို့မှာတင် NCB အဖွဲ့က ဆက်လက်စစ်ဆေးမေးမြန်းနေပါတယ်။
ဒါ့အပြင် ဒေသတွင်း ပြည်နယ်အသီးသီးမှာရှိတဲ့ သူရဲ့ မူးယစ်ဆေးဝါးဖြန့်ချိရေး ကွန်ရက်အဖွဲ့ဝင်တွေကိုပါ ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။










