Border News Agency
နေပြည်တော်၊ မေ ၁၉။
မြန်မာနိုင်ငံဟာအရင်ကထက် ပိုမိုဆိုးရွားတဲ့အကျပ်အတည်းထဲကို နစ်ဝင်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်း တွမ်အန်ဒရူးစ်က သူရာထူးကမနားမီ တင်သွင်းခဲ့တဲ့ နောက်ဆုံးအစီရင်ခံစာမှာ သတိပေးပြောကြားခဲ့ပါတယ်။
ယူကရိန်းနဲ့အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် ကမ္ဘာ့အာရုံကတခြားစီ ရောက်နေချိန်မှာ မြန်မာ့အရေးဟာ လူမေ့ခံ၊ အမှောင်ချခံထားရတဲ့ အကျပ်အတည်းဖြစ်နေတယ်လို့ သူက ထောက်ပြထားပါတယ်။
မြန်မာပြည်မှာ အရပ်သားပစ်မှတ်တွေအပေါ် စစ်တပ်ရဲ့ တိုက်ခိုက်မှုဟာ ၂၀၂၁ ခုနှစ်မှာ ၉ ကြိမ်ပဲ ရှိခဲ့ရာကနေ ၂၀၂၅ ခုနှစ်မှာတော့ ၁,၁၄၀ ကြိမ်အထိ စံချိန်တင် မြင့်တက်လာခဲ့တာပါ။
အာဏာသိမ်းစစ်တပ်ဟာ ရုရှားနဲ့ တရုတ်လုပ် တိုက်လေယာဉ်တွေကို သုံးပြီး အရပ်သားတွေကိုသတ်ဖြတ်နေသလို ပိတ်ဆို့မှုတွေကို ကျော်လွှားပြီး ဒေါ်လာ ၁ ဘီလီယံကျော်ဖိုးရှိတဲ့ လက်နက်တွေ တင်သွင်းနေတာကြောင့် စစ်တပ်ရဲ့ ဘဏ္ဍာရေးအဓိကလမ်းကြောင်းဖြစ်တဲ့ မြန်မာ့စီးပွားရေးဘဏ်ကို ထိထိရောက်ရောက် ပိတ်ဆို့ဖို့ တွမ်အန်ဒရူးစ်က တိုက်တွန်းပါတယ်။
တဖက်မှာလည်း အာဏာသိမ်းစစ်တပ်က ၂၀၂၅ နှောင်းပိုင်းနဲ့ ၂၀၂၆ အစောပိုင်းမှာ ရွေးကောက်ပွဲတွေကျင်းပပြီး စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကိုသမ္မတတင်မြှောက်ကာ အရပ်သားအုပ်ချုပ်ရေး ကူးပြောင်းနေပြီလို့ ဝါဒဖြန့်နေပေမယ့် ဒါဟာ ပြဇာတ်ကပြနေခြင်းသက်သက်သာ ဖြစ်တယ်လို့ သူက ကဲ့ရဲ့လိုက်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလက အကျဉ်းသား ၆,၀၀၀ ကျော် လွှတ်ပေးရာမှာလည်း သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၄၈ ဦးလောက်ပဲ ပါခဲ့တာကြောင့် ကမ္ဘာကြီးအနေနဲ့ ဒီရွေးကောက်ပွဲရလဒ်တွေကို ဘယ်လိုနည်းနဲ့မှ အသိအမှတ်မပြုဖို့ သတိပေးထားပါတယ်။
ဒီလိုအခြေအနေတွေ ကြားထဲကပဲ ပြီးခဲ့တဲ့ မတ်လညီလာခံအတွင်းမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေ ဆုံးဖြတ်ချက်မူကြမ်းကိုအတည်ပြုပြီး အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေအပေါ် ပြင်းပြင်းထန်ထန် စိုးရိမ်ပူပန်မိကြောင်း ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း အာဏာသိမ်းစစ်တပ်ဘက်ကတော့ ဒီဆုံးဖြတ်ချက်ဟာ လူ့အခွင့်အရေးကို အကြောင်းပြပြီး ပြည်တွင်းရေးကို အထင်အရှား စွက်ဖက်နှောင့်ယှက်တာ ဖြစ်တယ်လို့ဆိုကာ တုံ့ပြန်ထားပါတယ်။
အခုဆိုရင် မြန်မာပြည်မှာ တိုက်ပွဲတွေကြောင့် လူဦးရေရဲ့ သုံးပုံတပုံ ၁၂ သန်းခန့် ဟာ ပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ရင်ဆိုင်နေရပြီး ကမ္ဘာ့အကူအညီတွေကလည်း လျော့ပါးလာနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် နောင်လာနောက်သားတွေကို ကာကွယ်ဖို့အတွက် အရပ်သားထိန်းချုပ်မှုအောက်က တရားစီရင်ရေးစနစ်တစးခု ပေါ်ပေါက်လာဖို့ လိုအပ်သလို ကမ္ဘာကြီးအနေနဲ့လည်း မြန်မာ့အကျပ်အတည်းကို မျက်ကွယ်မပြုဘဲ မြန်မာပြည်သူတွေကို စစ်မြေပြင်မှာ ပစ်မထားကြဖို့ တွမ်အန်ဒရူးစ်ကတောင်းဆိုထားပါတယ်။






