Border News Agency
ထိုင်း၊မေ ၁၉။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ “Sky Aviator” ကွန်ရက်ဟာ ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် ACC ကုမ္ပဏီကို အသုံးချပြီး ထိုင်းဘတ်ငွေ ၃၄၈ သန်း (ဒေါ်လာ ၁၀ သန်းကျော်)ကို ငွေကြေးခဝါချဖို့ ကြိုးပမ်းနေကြောင်း ဂျက်စတစ်ဖော်မြန်မာ (JFM) က စုံစမ်းဖော်ထုတ်လိုက်ပါတယ်။
အဲဒီ ဘဏ္ဍာရေးအရှုံးပေါ်နေတဲ့ ACC ကုမ္ပဏီဟာ စင်ကာပူအခြေစိုက် Sky Avia Trading နဲ့ Heli Asia Trading ကုမ္ပဏီတွေဆီကနေ နေရောင်ခြည်စွမ်းအင်စီမံကိန်း အကြောင်းပြချက်နဲ့ ရှယ်ယာ ၂၃.၂၅ ရာခိုင်နှုန်းအထိ ရောင်းချပြီး ရင်းနှီးမြှုပ်နှံမှုယူဖို့ ဘုတ်အဖွဲ့က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် စင်ကာပူကုမ္ပဏီနှစ်ခုစလုံးရဲ့ တဦးတည်းသော ဒါရိုက်တာဟာ ဝီလီလီယန်ဖြစ်ပြီး စတင်တည်ထောင်ချိန်ကစလို့ဘယ်စီးပွားရေးလုပ်ငန်းမျှ လုပ်ခဲ့တာမရှိတဲ့ စာရွက်ပေါ်ကကုမ္ပဏီတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူတို့ရဲ့ မူလရည်ရွယ်ချက်တွေဟာလည်း စက်ယန္တရားလက်ကားရောင်းချဖို့သာဖြစ်ပြီး၊ ရှယ်ယာအရောင်းအဝယ်မလုပ်မီရက်သတ္တပတ်အလိုကျမှ နေရောင်ခြည်စွမ်းအင်လုပ်ငန်းအဖြစ် အလျင်အမြန် ပြောင်းလဲခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီအရောင်းအဝယ်မှာ စံချိန်တင်မြင့်မားတဲ့ အတိုးနှုန်း ၂၆ ရာခိုင်နှုန်းနဲ့ ကာလတိုချေးငွေ ပုံစံမျိုး ဖြစ်နေတာကြောင့် ထိုင်းငွေချေးသက်သေခံလက်မှတ်နဲ့ လဲလှယ်ရေးကော်မရှင် (SEC)၊လွတ်လပ်သော ဘဏ္ဍာရေးအကြံပေးတွေကပြင်းပြင်းထန်ထန် သတိပေးကန့်ကွက်ခဲ့ပါတယ်။
ဒါ့အပြင် အဲဒီကွန်ရက်က ယူကရိန်းနိုင်ငံလုပ် လေယာဉ်အင်ဂျင်တွေကို မြန်မာစစ်တပ်ထံ မှောင်ခိုပို့ဆောင်ခဲ့မှုအပေါ် မဟာဗျူဟာကုန်စည်ထိန်းချုပ်ရေးအက်ဥပဒေ ချိုးဖောက်မှုရှိမရှိ စင်ကာပူအာဏာပိုင်တွေဘက်ကလည်း ထပ်မံစုံစမ်းစစ်ဆေးဖို့ လိုအပ်နေတယ်လို့ ဆိူပါတယ်။
အဲဒီACC ရဲ့ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ ဝီချန်ဟာ သတ်မှတ်ချက် ၂၅ ရာခိုင်နှုန်းအောက်မှာ ရှယ်ယာကို ထိန်းထားပြီး အမှန်တကယ်အကျိုးခံစားခွင့်ရှိတဲ့ ပိုင်ရှင်အစစ်အမှန်ကို ထုတ်ဖော်ပြသရမယ့် စုံစမ်းစစ်ဆေးမှုတွေကို တမင်ရှောင်ရှားခဲ့တယ်လို့လည်းဆိုပါတယ်။
အဲဒီလို အချက်အလက်ကျကျ မတုံ့ပြန်ဘဲ ဝဘ်ဆိုက်ဖောက်ထွင်းခံရမှုနဲ့ လမ်းကြောင်းလွှဲ စွပ်စွဲခဲ့ပေမယ့် ACC ရှယ်ယာရှင်များအစည်းအဝေးမှာ အဲဒီလျှို့ဝှက်ငွေကြေးလွှဲပြောင်းမှုတွေကို အတည်ပြုရန် မဲခွဲဆုံးဖြတ်ခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် JFM အဖွဲ့အနေနဲ့ ထိုင်းနိုင်ငံ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) က Krung Thai ဘဏ်ရှိ ဆိုင်းငံ့ထိန်းချုပ်ထားတဲ့ ဘတ် ၃၄၈ သန်းကို ချက်ချင်းသိမ်းဆည်းဖို့နဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့လည်း စစ်လက်နက်ပွဲစား ကျော်မင်းဦး၊ ဝီလီလီယန်နဲ့ ဆက်စပ်ကုမ္ပဏီအားလုံးကို ပိတ်ဆို့အရေးယူမှုကွက်လပ်မရှိ အမြန်ဆုံးချမှတ်ပေးဖို့ တောင်းဆိုထားပါတယ်။






