Border News Agency
မြေပုံ၊ မေ ၂၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြေပုံမြို့နယ်နဲ့ မင်းပြားမြို့နယ်မှာ မေလ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေအတွင်း ကလေးငယ် ၂ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီမြေပုံမြို့နယ်၊ ပြည်ခြားကျေးရွာမှာ မေလ ၂၀ ရက်၊ နေ့လည်အချိန်က အသက် ၃ နှစ်အရွယ်မောင်ထူးလင်းဟာ မိခင်ဖြစ်သူ အဝတ်လှန်းသွားတဲ့အချိန် အိမ်နောက်ဖေး ရေတွင်းထဲကို ပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့တာပါ။
အဲဒါကြောင့် မိသားစုနဲ့အိမ်နီးနားချင်းတွေ ဝိုင်းရှာကြရာကနေ နေ့လည် ၁၂ နာရီခွဲမှာ ရေတွင်းထဲကနေ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ပြီး ညနေပိုင်းမှာ သင်္ဂြိုဟ်လိုက်တယ်လို့သိရပါတယ်။
အဲဒီအပြင်မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်မှာလည်း မေလ ၁၉ ရက်နေ့က အသက် ၇ နှစ်အရွယ်မောင်ကိုကိုနိုင်ဟာ သူငယ်ချင်းတွေနဲ့အတူ မော်ရွာချောင်းမှာ ရေကစားနေစဉ် ရေနစ်သေဆုံးခဲ့ပါသေးတယ်။
အာရက္ခပြည်အတွင်းမှာ အခုလိုရေနစ်သေဆုံးမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ မိုးရာသီကာလအတွင်းမှာလည်း မြို့နယ်အသီးသီးမှာ ရေနစ်သေဆုံးသူ အများအပြားရှိခဲ့ပါတယ်။
အဲဒီလိုဖြစ်စဉ်တွေ များပြားနေတာကြောင့် မိသားစုဝင်တွေအနေနဲ့ မိမိတို့အိမ်က ကလေးငယ်တွေကို မြစ်၊ချောင်းကမ်းစပ်တွေမှာအန္တရာယ်မဖြစ်အောင် အရင်ကထက် ပိုပြီးဂရုစိုက်ကြည့်ရှုကြဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီအပြင် မိုးရာသီရောက်လာတာနဲ့အမျှ အာရက္ခဒေသက မြစ်ချောင်းတွေမှာ ရေကြီးရေလျှံတာ၊ ရေစီးသန်တာ၊ ကမ်းပါးပြိုတာတွေဖြစ်တတ်တာကြောင့် မြစ်ချောင်းကမ်းနားတွေမှာ သတိထားနေထိုင်သွားလာကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြည်သူတွေကို သတိပေးနှိုးဆော်ထားပါတယ်။







