Border News Agency
အီရန်၊ မေ ၂၁။
အီရန်အရေးနဲ့ပတ်သက်ပြီး အဖြေမှန်တခုရလာဖို့ မျှော်လင့်ချက်နဲ့ ရက်နည်းနည်းထပ်စောင့်ပေးမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေလ ၂၀ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
ထရန့်က အီရန်ဘက်က စစ်ပြေငြိမ်းရေးသဘောတူညီချက်အတွက် လိုက်လျောဖို့မရှိရင် တိုက်ခိုက်မှုတွေ ပြန်စဖို့ အမေရိကန်က အသင့်ဖြစ်နေခဲ့ပေမယ့် အခုအခါမှာတော့ ရက်နည်းနည်းထပ်စောင့်ပေးဖို့ ဆန္ဒရှိနေတယ်လို့ဆိုပါတယ်။
အစောပိုင်းက တိုက်ခိုက်မှုတွေပြန်စဖို့ စဉ်းစားခဲ့ပေမယ့် အီရန်ဘက်က ငြိမ်းချမ်းရေးကမ်းလှမ်းမှုအသစ် ပေးပို့လာတာနဲ့ အာရပ်မဟာမိတ်နိုင်ငံတွေက မေတ္တာရပ်ခံတာကြောင့် အစီအစဉ်ကိုရွှေ့ဆိုင်းခဲ့တာလို့လည်း သူက ရှင်းပြပါတယ်။
ခုလက်ရှိအခြေအနေဟာ ကြိုးတန်းလမ်းလျှောက်သလိုဖြစ်နေပြီး မှန်ကန်တဲ့အဖြေ မရဘူးဆိုရင် အခြေအနေတွေက ခပ်မြန်မြန်ပြောင်းလဲသွားနိုင်တယ်လို့လည်း ထရန့်က သတိပေးထားပါတယ်။
ဒါ့အပြင် အီရန်နဲ့ရမယ့် ဘယ်လိုသဘောတူညီချက်မှာမဆို အီရန်အနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်မရစေရဘူးဆိုတဲ့အချက် မဖြစ်မနေပါရမယ်လို့ သူက ထပ်လောင်းပြောဆိုပါတယ်။
တဖက်မှာတော့ အီရန်ရဲ့ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) နဲ့ အီရန်စစ်တပ်က အမေရိကန်ကသာ စတင်တိုက်ခိုက်လာရင် စစ်မျက်နှာအသစ်တွေဖွင့်ပြီး တုံ့ပြန်သွားမှာဖြစ်သလို ဒီတစ်ကြိမ်စစ်ပွဲဟာ ဒေသတွင်းပဋိပက္ခအဆင့်ထက် ကျော်လွန်သွားလိမ့်မယ်လို့ ပြန်လည်ခြိမ်းခြောက်ထားပါတယ်။
အီရန်ဟာ လက်ရှိအပစ်ရပ်ကာလအတွင်း စစ်အင်အားကို ပြန်လည်ဖြည့်တင်းထားတယ်လို့လည်း ဆိုပါတယ်။
ထရန့်ကတော့ အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေဟာ နောက်ဆုံးအဆင့်ကိုရောက်နေပြီး သဘောတူညီမှုမရရင် အကျည်းတန်တဲ့လုပ်ရပ်မျိုး (စစ်ရေးအရ တုံ့ပြန်တာမျိုး) လုပ်ရနိုင်ပေမယ့် အဲဒီလိုမဖြစ်ဖို့ မျှော်လင့်တယ်လို့ ပြောကြားသွားပါတယ်။





