Border News Agency
ပိုလန်၊မေ ၂၃။
ပိုလန်နိုင်ငံဆီအမေရိကန်စစ်သည် ၅,၀၀၀ ထပ်တိုးစေလွှတ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူနဲ့ ရင်းနှီးတဲ့ ပိုလန်သမ္မတသစ် ကာရို နာဗရော့စကီးကို ထောက်ခံတဲ့အနေနဲ့ လူမှုကွန်ရက်ပေါ်ကနေ ရုတ်တရက် ကြေညာလိုက်ပါတယ်။
ဒါဟာ ဥရောပမှာရှိတဲ့ အမေရိကန်စစ်အင်အားကို လျှော့ချမယ်ဆိုတဲ့ ထရမ့်ရဲ့ ယခင်မူဝါဒကနေ ရုတ်တရက် ပြောင်းလဲလိုက်တာဖြစ်ပြီး အမေရိကန်ရဲ့ မရေရာတဲ့ စစ်ရေးမူဝါဒတွေကြောင့် ဥရောပ နေတိုး (NATO) မဟာမိတ်နိုင်ငံတွေကြား ကာကွယ်ရေးဆိုင်ရာ စီမံချက်တွေ ချမှတ်ဖို့ ဝေခွဲမရ ဖြစ်နေကြပါတယ်။
မကြာသေးခင်ကလည်း ထရမ့်ဟာ ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ် မာဇ် (Friedrich Merz) နဲ့ သဘောထားကွဲလွဲပြီးနောက် ဂျာမနီကနေ အမေရိကန်စစ်သည် ၅,၀၀၀ ကို ပြန်လည်ရုပ်သိမ်းဖို့ ကြေညာခဲ့ပါသေးတယ်။
ဒါ့အပြင် အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့ အမေရိကန်-အစ္စရေးနဲ့ အီရန်စစ်ပွဲအပေါ် ဥရောပမဟာမိတ်တွေက ထောက်ခံမှုမပေးတဲ့အတွက် ထရမ့်က နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို မကြာခဏ ဝေဖန်ပြစ်တင်နေတာပါ။
ပိုလန်အစိုးရဘက်ကတော့ ဒီစစ်သည် ၅,၀၀၀ ထပ်တိုးစေလွှတ်မယ့်အစီအစဉ်ကို ကြိုဆိုလိုက်ပြီး ဒါဟာ ပိုလန်မှာရှိနေတဲ့ အမေရိကန်စစ်အင်အားကို ယခင်အခြေအနေအတိုင်း ဆက်လက်ထိန်းထားနိုင်မှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။






