Border News Agency
ကွန်ဂို၊မေ ၂၄။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ဘွန်ဒီဘူဂျိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ အီဘိုလာ ရောဂါအခြေအနေဟာ အလွန်စိုးရိမ်ရတဲ့အဆင့်မှာ ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၂၃ ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။
အဲဒီကွန်ဂိုနိုင်ငံတွင်းနဲ့ ဒေသတွင်းနိုင်ငံတွေကို အီဘိုလာရောဂါ ကူးစက်ပျံ့နှံ့နိုင်မှုနှုန်းက အလွန်မြင့်မားတဲ့ အနေအထားမှာရှိနေတယ်လို့ ပြင်ဆင်သတ်မှတ်ထားတယ်လို့ဆိုပါတယ်။
ဒါပေမယ့် ကမ္ဘာ့အဆင့်ကူးစက်နိုင်ခြေကတော့ နည်းနေသေးတယ်လို့ WHO အကြီးအကဲ ဂေဘရီယီဆက်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဒီကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၇ ဦး အပါအဝင် ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၈၂ ဦးရှိနေပြီဖြစ်ကြောင်း အတည်ပြုထားပါတယ်။
ဒါ့အပြင် နောက်ထပ် လူပေါင်း ၇၅၀ ခန့်ဟာလည်း ရောဂါကူးစက်ခံထားရတယ်လို့ သံသယရှိနေပြီး လူ ၁၇၇ ဦးမှာ ရောဂါသံသယလက္ခဏာတွေနဲ့ သေဆုံးခဲ့တယ်လို့ ခန့်မှန်းထားကြပါတယ်။
ကွန်ဂိုနဲ့ ယူဂန်ဒါနိုင်ငံတို့မှာ အီဘိုလာရောဂါ စတင်ဖြစ်ပွားနေတဲ့အကြောင်းကို WHO က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတည်းက သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဒေသတွင်း ကူးစက်မှုအခြေအနေကို အနီးကပ်စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။




