Border News Agency
ထိုင်း၊မေ ၂၄။
ထိုင်းအရှေ့မြောက်ပိုင်း၊နခွန်ရက်ချာဆီမာ (Nakhon Ratchasima) မြို့က အမှိုက်စွန့်ပစ်တဲ့နေရာတခုမှာ အသက် ၃၅ နှစ်အရွယ် မြန်မာအလုပ်သမားတဦးကို ဓားနဲ့ထိုးသတ်ခဲ့မှုနဲ့ ပတ်သက်ပြီး အသက် ၁၃ နှစ်ကနေ ၁၉ နှစ်အရွယ် ထိုင်းလူငယ် ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီဖြစ်စဉ်ဟာ မေလ ၂၀ ရက်၊ညနေပိုင်းက Muang ခရိုင်၊ Thanonchira ရထားလမ်းအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူ မြန်မာလုပ်သားကိုအောင်ဇော်ဟာ အမှိုက်ပုံဘေးက ဆိုဖာအဟောင်းတခုအနီးမှာ ရင်ဘတ် ဓားထိုးဒဏ်ရာနဲ့ လဲကျနေခဲ့တာ ဖြစ်ပါတယ်။
သူ့ကို ဆေးရုံဆီအရေးပေါ် ပို့ဆောင်ပေးခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့် သေဆုံးသွားခဲ့ရပြီး ရဲတပ်ဖွဲ့ကတော့ ပြစ်မှုကျူးလွန်ရာမှာ သုံးခဲ့တဲ့ ၁၄ စင်တီမီတာအရှည်ရှိတဲ့ ဓားနဲ့အတူ တရားခံတွေကို ဖမ်းဆီးနိုင်ခဲ့တာပါ။
အဲဒီ ဖမ်းဆီးရမိသူတွေထဲက အသက် ၁၉ နှစ်အရွယ် ပါပန်ကွန်ဆိုသူက သူကိုယ်တိုင် ဓားနဲ့ထိုးခဲ့တာလို့ ဝန်ခံထားပြီး ကျန်တဲ့ အသက် ၁၅ နှစ်အရွယ် ၂ ဦးက ဝိုင်းဝန်းကန်ကျောက်ခဲ့ကြောင်းနဲ့ အသက် ၁၃ နှစ်အရွယ် ၁ ဦးကတော့ ဆိုင်ကယ်စီးဦးထုပ်နဲ့ ရိုက်ခဲ့ကြောင်း ထွက်ဆိုထားကြပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ အသက်အကြီးဆုံးဖြစ်တဲ့ ပါပန်ကွန်ဟာ ခိုးမှုနဲ့ ထောင်ကျဖူးပြီး ပြီးခဲ့တဲ့လကမှ ထောင်ကလွတ်လာသူ ဖြစ်ကာ ကျန်တဲ့ ဆယ်ကျော်သက်လူငယ်တွေကတော့ အရင်က ပြစ်မှုမှတ်တမ်း မရှိဖူးသူတွေ ဖြစ်တယ်လို့ သိရပါတယ်။




