Border News Agency
ရန်ကုန်၊မေ ၂၄။
ရန်ကုန်တိုင်း၊ထန်းတပင်မြို့နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း၊တာချီလိတ်မြို့နယ်တွေမှာ ငွေကျပ်သိန်း ၆,၇၅၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား၊အိုက်စ်နဲ့ ဘိန်းဖြူတွေကို တရားခံတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (CCDAC) က မေလ ၂၃ ရက်နေ့မှာထုတ်ပြန်ပါတယ်။
အဲဒီထန်းတပင်မြို့နယ်၊ကျောင်းစုရပ်ကွက်အနီးမှာ Honda Fit မော်တော်ယာဉ်တစီးကိုမေလ ၂၁ ရက်၊မနက် ၁၀ နာရီခွဲကျော်အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ကရပ်တန့်စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီယာဉ်ပေါ်ကနေ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂ သိန်းပြားနဲ့ ကျပ်သိန်း ၃,၇၅၀ တန်ဖိုးရှိ အိုက်စ်၁၅ ကီလိုတို့ကို ဖုန်း ၂ လုံးနဲ့အတူဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။
အဲဒီမော်တော်ယာဉ်ကို မောင်းနှင်လာသူ အသက် ၃၃ နှစ်အရွယ် စိုးနိုင်နဲ့ အသက် ၅၂ နှစ်အရွယ် သန်းထွေးတို့ကို တက်သစ်နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
အဲဒီအပြင်တာချီလိတ်မြို့နယ်၊လွယ်တော်ခမ်းကျေးရွာအနီးမှာ မော်တော်ဆိုင်ကယ်တစီးကို ၂၁ ရက်နေ့က ပူးပေါင်းအဖွဲ့တွေတားဆီးစစ်ဆေးရာကနေ မူးယစ်ဆေးဝါးတွေ ထပ်မံဖမ်းဆီးရမိခဲ့သေးတယ်လို့ဆိုပါတယ်။
အဲဒီဆိုင်ကယ်ပေါ်ပါလာသူတွေဆီက ငွေကျပ် ၁၂ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂,၀၀၀ ပြား၊ကျပ် ၅ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၅ ဂရမ်နဲ့ ဖုန်း ၄ လုံးတို့ကို သိမ်းဆည်းရမိခဲ့တာလို့ဆိုပါတယ်။
အဲဒီဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ အသက် ၄၅ နှစ်အရွယ် ဆိုင်ကယ်မောင်းသူ နေမင်းဦးနဲ့ အသက် ၅၆ နှစ်အရွယ် ဘောဇကို တာချီလိတ်မြို့မရဲစခန်းမှာ အမှုဖွင့်လှစ်ထားပြီးဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးအမှုနှစ်ခုစလုံးက ကွင်းဆက်တရားခံတွေကို ဆက်လက်ဖော်ထုတ်နိုင်ဖို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့လည်းဆိုပါတယ်။




