Border News Agency
အမေရိကန်၊မေ ၂၄။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံမြေပုံပေါ်မှာအမေရိကန်နိုင်ငံအလံ ဖုံးအုပ်ထားတဲ့ ဓာတ်ပုံတပုံကို အရှေ့အလယ်ပိုင်း အမေရိကန်ပြည်ထောင်စုလားဆိုတဲ့ စာသားနဲ့အတူ သူရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ မေလ ၂၃ ရက်နေ့ကတင်လိုက်ပါတယ်။
အမေရိကန်-အစ္စရေး ပူးပေါင်းစစ်တပ်နဲ့ အီရန်နိုင်ငံတို့အကြား ရေရှည်အပစ်အခတ်ရပ်စဲရေးအတွက် သံတမန်ရေးအရ အရေးပါပြီး နုနယ်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ ထရန့်ကအခုလို လှုံ့ဆော်မှုဖြစ်စေနိုင်တဲ့ ပို့စ်ကို တင်ခဲ့တာ ဖြစ်ပါတယ်။
ဝေဖန်ဆန်းစစ်သူ Vali Nasr က အခုလို ရိုင်းစိုင်းတဲ့ လုပ်ရပ်မျိုးဟာ သံတမန်ရေးရာကို ထိခိုက်စေပြီး အမေရိကန်ရဲ့ တကယ့်ရည်ရွယ်ချက်အပေါ် သံသယဖြစ်စေတယ်လို့ ထောက်ပြထားပါတယ်။
အမေရိကန်အစိုးရဘက်ကတော့ အီရန်ကို ရေရှည်သိမ်းပိုက်ထားဖို့ သို့မဟုတ် အစိုးရအပြောင်းအလဲလုပ်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ အရင်က ထုတ်ဖော်ပြောဆိုထားဖူးပါတယ်။
လက်ရှိမှာတော့နှစ်ဖက်စလုံးက သဘောတူညီချက်ရလုနီးပါး ဖြစ်နေပြီလို့အရိပ်အမြွက် ပြောဆိုထားကြပါတယ်။
သမ္မတထရန့်က နှစ်ဦးနှစ်ဖက် ပိုမိုနီးစပ်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သလို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei ကလည်း နားလည်မှုစာချွန်လွှာ (MoU) အပြီးသတ်နိုင်ဖို့ လုပ်ဆောင်နေပြီး အမြင်ချင်း နီးစပ်လာနေပြီလို့ ဆိုပါတယ်။
ဒါပေမယ့်လည်း အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ဟော်မုဇ်ရေလက်ကြား ဆိုင်ရာ ကိစ္စရပ်တွေလိုမျိုး အဓိက အငြင်းပွားဖွယ်အချက်တွေနဲ့ ပတ်သက်လို့တော့ တရားဝင် ထုတ်ပြန်ချက် မရှိသေးပါဘူး။
ထရန့်ဟာ သူရဲ့ဒုတိယသက်တမ်း နိုင်ငံခြားရေးမူဝါဒမှာ ဒွန်ရိုးဝါဒအမည်နဲ့ ပြည်ပနိုင်ငံတွေအပေါ် အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှု တိုးချဲ့ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဗင်နီဇွဲလားခေါင်းဆောင် မာဒူရိုကို စစ်ရေးအရ ဖမ်းဆီးပြန်ပေးဆွဲမှု၊ ကျူးဘားအပေါ် ခြိမ်းခြောက်မှုနဲ့ ဂရင်းလန်းနယ်မြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ထရန့်က ဂရင်းလန်းတောင်တန်းတခုပေါ်မှာ ၎င်းရဲ့မျက်နှာပါရှိတဲ့ ပုံကိုတင်ပြီး မင်္ဂလာပါ ဂရင်းလန်းလို့လည်း ရေးသားခဲ့ပါသေးတယ်။




