Border News Agency
အိန္ဒိယ၊မေ ၂၈။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံခရီးစဉ်အပေါ် နယူးဒေလီမြို့ရောက်မြန်မာစစ်ဘေးဒုက္ခသည်တွေက လူထုအင်အားနဲ့ ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်သွားဖို့ ပြင်ဆင်နေကြပါတယ်။
အဲဒီဆန္ဒပြပွဲကို အိန္ဒိယအစိုးရထံ တရားဝင်ခွင့်ပြုချက်တင်ပြထားပြီးဖြစ်ကာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒေလီအခြေစိုက် Burma House-New Delhi အဖွဲ့က မေလ ၂၇ ရက်နေ့ကထုတ်ပြန်လိုက်တာပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ ပထမဆုံးသောနိုင်ငံတကာခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံကို လာရောက်ဖို့ ပြင်ဆင်နေတဲ့အပေါ် အခုလို လူထုလှုပ်ရှားမှုနဲ့ တုံ့ပြန်ဖို့ ပြင်ဆင်လာကြတာဖြစ်ပါတယ်။
ဒေလီရောက် မြန်မာဒုက္ခသည်တွေဟာအာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်ရက်စက်မှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူများဖြစ်ပြီး ပြည်တွင်းတော်လှန်ရေးနဲ့အတူ အမြဲတစေ တသားတည်း ရပ်တည်နေတယ်လို့ ဆိုပါတယ်။
အဲဒီဆန့်ကျင်ကန့်ကွက်ပွဲကို မေလ ၂၈ ရက်၊ဒီနေ့မှာ နယူးဒေလီရှိ Jantar Mantar နဲ့ မေလ ၃၀ ရက်နေ့မှာ နယူးဒေလီ မြန်မာသံရုံးရှေ့တို့တွင် ညနေ ၃ နာရီမှ ၅ နာရီအထိ ပြုလုပ်သွားမှာဖြစ်လို့ မိဘပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။
အဲဒီအပြင် တော်လှန်ရေးအရှိန်အဟုန် ပိုမိုအားကောင်းလာစေရန် ပြည်တွင်း၊ပြည်ပ မြန်မာသတင်းမီဒီယာတွေအနေနဲ့လည်း ဒီလှုပ်ရှားမှုကို ဝိုင်းဝန်းသတင်းဖော်ပြပေးကြဖို့ Burma House-New Delhi က ဆိုပါတယ်။






