Border News Agency
မင်းတပ်၊ မေ ၃၀။
ချင်းပြည်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ်မှာ ခိုးယူမှုတွေများပြားလာတာကြောင့် ပြည်သူတွေရဲ့လုံခြုံရေးအတွက် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒေသန္တရအမိန့်ကို မေလ ၃၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ထိုးစစ်ဆင်မှုတွေကို ခုခံတော်လှန်နေရတဲ့ကာလအတွင်းမှာ ကန်ပက်လက်မြို့ပေါ်က ပြည်သူတချို့ဟာ နေအိမ်တွေကိုစွန့်ခွာပြီး လုံခြုံမယ့်နေရာတွေကို ပြောင်းရွှေ့သွားကြတာကြောင့် လူမရှိတဲ့နေအိမ်တွေကို မသမာသူတွေကဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းတွေခိုးယူနေကြတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့်အများပြည်သူအနေနဲ့ ညစဉ်မိမိတို့နေအိမ်နဲ့ ပုန်းခိုကျင်းတွေမှာပဲ နေထိုင်ကြဖို့၊ ခွင့်ပြုချက်မရှိဘဲ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေကိုသွားလာတာနဲ့ လူစုလူဝေးပြုလုပ်တာတွေမလုပ်ကြဖို့ တားမြစ်ထားပါတယ်။
အဲဒီအပြင် ည ၉ နာရီအချိန်ကနေ မနက်၅ နာရီအတွင်းကို ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ဒီအမိန့်ဟာ နောက်ထပ်အမိန့်တစုံတရာ မထုတ်ပြန်မချင်းအတည်ဖြစ်တယ်လို့ သိရပါတယ်။





