Border News Agency
ဘန်ကောက်၊ မေ ၃၀။
ဘန်ကောက်မြို့၊ ရမ်ခမ်းဟန်နယ်မြေ၊ ဘန်ကပိမှာ ဗူးမပါတဲ့အစစ် ဒါမှမဟုတ် စက်ရုံပယ်လို့ အကြောင်းပြပြီး ကမ္ဘာကျော် Brand ရေမွှေးအတုတွေကိုအွန်လိုင်းကနေ ဈေးပေါပေါနဲ့ရောင်းချနေတဲ့နေရာတခုကို ထိုင်းစီးပွားရေးပြစ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့က မေလ ၃၀ ရက်၊ ဒီနေ့မှာ ဝင်ရောက်စီးနင်းခဲ့ပါတယ်။
အဲဒီစီးနင်းမှုအတွင်း Dior၊ Louis Vuitton၊ Chanel၊ YSL နဲ့ Tom Ford အပါအဝင် ကမ္ဘာကျော် Brand ပေါင်းစုံရဲ့ ရေမွှေးအတုအများအပြားကိုသိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး ဘတ်ငါးသိန်းကျော်ဖိုးရှိပါတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး အသက် ၃၁ နှစ်အရွယ် မစ္စတာချာယာနွန်းဆိုသူကို အိမ်တွင်းဝှက်သိမ်းထားတဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးအရေးယူထားတာပါ။
အဲဒီနာမည်ကြီးကုမ္ပဏီတွေရဲ့ ကိုယ်စားလှယ်တွေက အွန်လိုင်းပေါ်မှာ သူတို့ရဲ့ Brand ရေမွှေးတွေကို ဈေးကွက်ပေါက်ဈေးထက် အဆမတန်လျှော့ပြီးရောင်းနေတဲ့ အကောင့်တွေကိုတိုင်ကြားခဲ့လို့ အခုလိုဖမ်းဆီးမိတာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူကတော့ အဲဒီရေမွှေးအတုတွေကို အွန်လိုင်းနဲ့ ပြည်တွင်းဈေးကွက်တွေကနေတစ်ဆင့် ပြန်လည်ဝယ်ယူပြီး အမြတ်ရဖို့ အွန်လိုင်းချန်နယ်မျိုးစုံကနေ ပြန်ရောင်းခဲ့တာဖြစ်ကြောင်း ဝန်ခံထားလို့ ရဲတပ်ဖွဲ့က တရားမဝင်ကုန်အမှတ်တံဆိပ်အတု လက်ဝယ်ထားရှိမှုနဲ့ တရားစွဲဆိုထားသလို နောက်ကွယ်က လက်ကားဖြန့်ချိတဲ့လုပ်ငန်းကြီးတွေကိုပါ ဆက်လက်စုံစမ်းနေပါတယ်။
ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) ကတော့ အွန်လိုင်းကနေ Brand ရေမွှေးဝယ်ယူမယ့် ပြည်သူတွေကို အထူးသတိထားကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အဲဒီလိုဈေးကွက်ပေါက်ဈေးထက် ထူးထူးခြားခြား ဈေးပေါနေတဲ့အပြင်ဗူးမပါတဲ့အစစ်၊ စက်ရုံ Rejectဒါမှမဟုတ်နိုင်ငံခြားက သွင်းတဲ့ ပုလင်းသီးသန့်ဆိုပြီး ကြော်ငြာထားတဲ့ရေမွှေးတွေဟာ ရေမွှေးအတုတွေ ဖြစ်နိုင်ခြေအလွန်များပါတယ်။
ဒီလိုအဆင့်မမီတဲ့ တံဆိပ်တုရေမွှေးတွေကိုသုံးစွဲမိရင် ငွေကုန်ရုံတင်မကဘဲ စံချိန်စံညွှန်းမမှီတဲ့ဓာတုပစ္စည်းတွေကြောင့် အရေပြားဓာတ်မတည့်တာ၊ ယားယံတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာထိခိုက်မှုတွေပါ ဖြစ်လာနိုင်လို့ စိတ်ချရတဲ့တရားဝင် အရောင်းဆိုင်တွေကနေပဲ ရွေးချယ်ဝယ်ယူကြဖို့ တိုက်တွန်းထားပါတယ်။










