Border News Agency
ထိုင်း၊ မေ ၃၁။
ထိုင်းနိုင်ငံ၊ သမုဒ်စခွန်ပြည်နယ်၊ ဘန်ဖျူးခရိုင်မှာရှိတဲ့ အကြီးစားပလတ်စတစ်ထုပ်ပိုးပစ္စည်းစက်ရုံတရုံမှာ မေလ ၃၁ ရက်၊ ဒီနေ့ မနက်အစောပိုင်းက ပြင်းထန်တဲ့မီးလောင်မှုတခုဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
အဲဒီ Xinbang Group Co., Ltd ပလတ်စတစ်နဲ့စက္ကူဘူးခွံ ထုတ်လုပ်ရေးစက်ရုံမှာ ဒီနေ့မနက် ၅ နာရီ ၅၀ မိနစ်အချိန်က ဧရိယာ ၁၀ ကျော်ကျယ်ဝန်းတဲ့မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်ကား အစီး ၂၀ ခန့်နဲ့ ၁ နာရီကြာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။
အဲဒီမီးလောင်မှုကြောင့် ပလတ်စတစ်ဘူးခွံထုတ်လုပ်တဲ့ အဆောက်အအုံတလုံးပြိုကျပျက်စီးသွားခဲ့ပြီး အတွင်းရှိစက်ပစ္စည်းတွေနဲ့ ကုန်ကြမ်းပလတ်စတစ်စေ့တွေ အကုန်လုံးဆုံးရှုံးခဲ့ရပါတယ်။
စက်ရုံပတ်ပတ်လည်မှာ သဘာဝရေအရင်းအမြစ်မရှိတာကြောင့် မီးသတ်သမားတွေဟာ ဆည်မြောင်းတခုကနေ ရေကိုသွယ်တန်းကာ ခက်ခက်ခဲခဲငြှိမ်းသတ်ခဲ့ရပြီး မီးငြိမ်းသွားပြီးနောက်မှာလည်း ပလတ်စတစ်စေ့တွေကြောင့် မီးပြန်ပလောင်နိုင်ခြေရှိလို့ ရေဆက်တိုက်ဖြန်းပေးနေရဆဲ ဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလို့လည်း သိရပါတယ်။
အဲဒီလိုမီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျမသိရသေးဘဲ လက်ရှိမှာ ရဲတပ်ဖွဲ့က မီးလောင်မှုဖြစ်ပွားစဉ်ကရှိနေတဲ့ အလုပ်သမားတွေကို ခေါ်ယူစစ်ဆေးနေပြီး သက်ဆိုင်ရာမှုခင်းအထောက်အထားအဖွဲ့နဲ့ပူးပေါင်းကာ အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။






















