Border News Agency
အမေရိကန် ၊ဇွန် ၂။
အမေရိကန်နဲ့အီရန်အကြား ပြီးခဲ့တဲ့ ဧပြီလကတည်းက အပစ်အခတ်ရပ်စဲထားပေမယ့် မြေပြင်မှာတော့စစ်ရေးအရ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ပြင်းထန်နေပြီး ကူဝိတ်နိုင်ငံကပါအီရန်ရဲ့ တိုက်ခိုက်မှုတွေကိုကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အမေရိကန်စစ်တပ်ဟာ ဟော်မုဇ်ဂန်ပြည်နယ်၊ ဆီရစ်ကျွန်းပေါ်က သူတို့ရဲ့ ဆက်သွယ်ရေးမျှော်စင်ကို တိုက်ခိုက်ခဲ့တာကြောင့် အဲဒီတိုက်ခိုက်မှု စတင်ရာ အမေရိကန်လေတပ်စခန်းကို ဒရုန်းတွေ၊မစ်ဆိုင်းတွေနဲ့ ပြန်လည်တိုက်ခိုက်ခြေမှုန်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အမေရိကန်စစ်ဌာနချုပ် (CENTCOM) ဘက်ကတော့ အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သည်တွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
ဒီအတောအတွင်း အမေရိကန်စစ်တပ် အခြေစိုက်ရာ ကူဝိတ်နိုင်ငံအတွင်းသို့ အီရန်ဘက်က ပစ်ခတ်လိုက်တဲ့ မစ်ဆိုင်းနဲ့ ဒရုန်းတွေကို ကူဝိတ်လေကြောင်းရန်ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားခဲ့ရပြီးကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်းအီရန်ရဲ့ အခုလို ကျူးကျော်တိုက်ခိုက်မှုတွေဟာ ဒေသတွင်း တည်ငြိမ်ရေးကို ထိခိုက်စေတာကြောင့် ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ထုတ်ပြန်ပါတယ်။
လက်ရှိမှာတော့နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေးကို ရက်ပေါင်း ၆၀ ထပ်မံတိုးမြှင့်ဖို့နဲ့ စစ်ပွဲအပြီးသတ်ရပ်စဲရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) မူဘောင်ကိုလေ့လာဆွေးနွေးနေကြပါတယ်။
အဲဒီMoU အရ ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောတွေလွတ်လပ်စွာဖြတ်သန်းခွင့်ပြုဖို့ အီရန်ကရေမြုပ်မိုင်းတွေ ဖယ်ရှားပေးဖို့နဲ့ အီရန်ရဲ့ နျူကလီးယား ယူရေနီယံသန့်စင်မှုဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဖို့ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဲဒွ MoU မူဘောင်အပေါ် ပြင်ဆင်ချက်အချို့ ထပ်မံတောင်းဆိုထားသလို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း ဝါရှင်တန်ဘက်က တောင်းဆိုချက်တွေ ခဏခဏပြောင်းလဲနေတာကြောင့် ဆွေးနွေးပွဲတွေ ကြန့်ကြာနေရပြီးအပြန်အလှန် မယုံကြည်မှုတွေ ပြင်းထန်နေတယ်လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့ လက်ရှိအစ္စရေးက လက်ဘနွန်ကို ကျူးကျော်တိုက်ခိုက်နေတာဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဘယ်မျက်နှာစာမှာပဲဖြစ်ဖြစ် ချိုးဖောက်ရင်အားလုံးချိုးဖောက်တာနဲ့ တူတူပဲလို့ သတိပေးထားပါတယ်။
အမေရိကန်သမ္မတ ထရမ့်ကတော့ စစ်ရေးတင်းမာမှုတွေရှိနေပေမယ့် အီရန်ဟာ သဘောတူညီချက်ရဖို့ တကယ်အလိုရှိနေတာကြောင့် အားလုံးအဆင်ပြေသွားမှာပါလို့ လူမှုကွန်ရက်ကနေ ပြောဆိုထားပါတယ်။






