Border News Agency
အိန္ဒိယ၊ဇွန် ၄။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ နှစ်နိုင်ငံကုန်သွယ်မှုကို ပထမအဆင့်အနေနဲ့ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ၊ ဒုတိယအဆင့်အနေနဲ့ ဒေါ်လာ ၅ ဘီလီယံအထိ ရောက်အောင် မျှော်မှန်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ သမ္မတတု မင်းအောင်လှိုင်က ပြောပါတယ်။
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ ကျင်းပတဲ့ မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ မြန်မာဘက်က ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၆ ဘီလီယံရှိခဲ့ပြီး အိန္ဒိယဘက်က ပို့ကုန်ကတော့ ဒေါ်လာသန်း ၆၀၀ ကနေ ၈၀၀ ကြား ရှိခဲ့တယ်လို့ ဆိုပါတယ်။
ခုလက်ရှိမှာတော့ နှစ်နိုင်ငံကုန်သွယ်မှုဟာ ဒေါ်လာ ၂ ဘီလီယံကျော်ပဲ ရှိနေသေးတယ်လို့ဆိုပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံဘက်ကနေ သံနဲ့ သံမဏိ၊ ဘိလပ်မြေ၊ ဆေးဝါး၊ စက်သုံးဆီနဲ့ ဆိုလာပစ္စည်းတွေကို ပိုမိုတင်သွင်းလိုပြီး မြန်မာဘက်ကနေလည်း ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ရေထွက်ပစ္စည်း၊ ဆန်နဲ့ ရော်ဘာတွေကို ပြန်လည်တင်ပို့သွားဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဉ်အတွင်း နယူးဒေလီမြို့မှာလည်း ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ပြီး စီးပွားရေးမြှင့်တင်ဖို့ သဘောတူညီချက်အချို့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးမြှင့်တင်ဖို့အတွက် အိန္ဒိယနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။



