Border News Agency
မြောက်ဦး၊ ဇွန် ၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်မှာရှိ ရွှေရိုးရာ KTV မှာ KTV လုပ်ငန်းအကြောင်းပြပြီး အမျိုးသမီးတွေကို ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မခေါင်းပုံဖြတ်လုပ်ကိုင်ခိုင်းနေတဲ့ အမျိုးသမီးသုံးဦးကို တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက ဖမ်းဆီးအရေးယူထားပါတယ်။
အဲဒီKTV ပိုင်ရှင်အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်မိုးမိုးဝင်း၊ အသက် ၄၅ နှစ်အရွယ် မန်နေဂျာ ဒေါ်လှလှဝင်း (ခ) မေခနဲ့ အသက် ၄၁ နှစ်အရွယ် ဒု-မန်နေဂျာ ဒေါ်ပြည့်ပြည့်ဝင်း (ခ) ထိပ်ထားကို ဖမ်းတာဖြစ်ပါတယ်။
အဲဒီ KTV ဟာ ဘဝရပ်တည်ရေးခက်ခဲနေတဲ့ အမျိုးသမီးငယ်တွေကို သွေးဆောင်ဖြားယောင်းခေါ်ယူပြီးနောက် ပြည့်တန်ဆာအဖြစ် အတင်းအဓမ္မ ခိုင်းစေတာ၊ ငွေကြေးတွေကို ခေါင်းပုံဖြတ်အမြတ်ထုတ်နေတာတွေပြုလုပ်နေကြောင်း သတင်းအရဒီလပ်တပ်ဖွဲ့က ပြီးခဲ့တဲ့ မေလ ၂၄ ရက် ညပိုင်းမှာ ရှာခဲ့တာပါ။
အဲဒီလိုဝင်ရောက်ရှာဖွေချိန်မှာ လူကုန်ကူးမှုကျူးလွန်နေတဲ့ စီမံခန့်ခွဲသူအမျိုးသမီးသုံးဦးအပြင် ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းခံထားရတဲ့ အမျိုးသမီးဆယ်ဦးနဲ့ လာရောက်ဖျော်ဖြေနေသူ အမျိုးသားတွေကိုပါ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ အမျိုးသမီးသုံးဦးကို သက်ဆိုင်ရာဒီလပ်စခန်းကနေ အမှုအမှတ် (ပ) ၂၉/ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ – ၃၅ နဲ့ အမှုဖွင့်ပြီး တရားစွဲဆိုနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။










