Border News Agency
ဖူးခက်၊ ဇွန် ၅။
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်ခရိုင်၊ ထာလန်းမြို့နယ်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုနေထိုင်ရာ ဘန်ဘန်ဂျိုးအလုပ်သမားတန်းလျားမှာ ဇွန်လ ၅ ရက်၊ ဒီနေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အခန်းတွဲ ၈ တွဲခန့် ပြာကျသွားခဲ့ပါတယ်။
အဲဒီနေရာဟာသွပ်မိုးအဆောက်အအုံဖြစ်တာကြောင့် အချိန်တိုအတွင်း တန်းလျားတခုလုံး ကူးစက်လောင်ကျွမ်းခဲ့ပြီး အိပ်ပျော်နေတဲ့ အလုပ်သမား ၃၀၀ ကျော်ဟာ အဝတ်တထည်ကိုယ်ခုနဲ့ ဘေးကင်းရာသို့ အသက်လုထွက်ပြေးခဲ့ရပါတယ်။
အဲဒီမီးလောင်မှုကို ဒေသတွင်းကယ်ဆယ်ရေးအဖွဲ့တွေက မီးသတ်ကား ၉ စီးအပါအဝင် စက်ယန္တရားကြီးများသုံးကာ ၃ နာရီနီးပါးကြာ အသည်းအသန်ငြိမ်းသတ်ခဲ့ရပြီး မနက် ၃ နာရီအချိန်မှာတော့ မီးငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် မြန်မာအလုပ်သမား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အမျိုးသမီး ၂ ဦးကတော့ ဆေးကုသပြီး နေအိမ်ပြန်ရောက်ပြီဖြစ်ပေမယ့် လက်နဲ့ခြေထောက်တွေမှာ မီးလောင်ဒဏ်ရာရရှိခဲ့တဲ့ မြန်မာအမျိုးသား ၁ ဦးကတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေရဆဲ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ထိုင်းမှုခင်းစစ်ဆေးရေးအဖွဲ့တွေက မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးတွေကို ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။












