Border News Agency
ထိုင်း၊ ဇွန် ၅။
ထိုင်း – မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီးတာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ထာ့ဆိုင်းလွတ်ကျေးရွာအုပ်စုအတွင်းမှာ အထောက်အထားမရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကို ထိုင်အာဏာပိုင်ပူးပေါင်းအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဇွန်လ ၄ ရက်၊ နေ့လည် ၃ နာရီခွဲအချိန်ခန့်ကစပြီး တာ့ခ်ခရိုင် လဝကရဲတပ်ဖွဲ့၊ အမှတ် ၅ လဝကစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ တာ့ခ်ခရိုင် အလုပ်သမားရှာဖွေရေးရုံးတို့ပူးပေါင်းကာ နယ်စပ်ဒေသအတွင်း တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေကို စစ်ဆေးရာမှာ ခုလိုဖမ်းဆီးခံရတာဖြစ်ပါတယ်။
အဲဒီ ဖမ်းဆီးခံရသူတွေကတော့ အသက် ၄၆ နှစ်အရွယ် မြန်မာအမျိုးသားနဲ့ အသက် ၃၁ နှစ်အရွယ် မြန်မာအမျိုးသမီးတို့ဖြစ်ပြီး သူတို့ဟာ ထိုင်းနိုင်ငံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှု၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ သတ်မှတ်ချက်ပြင်ပအလုပ်တွေကို လုပ်ကိုင်မှုစတဲ့ ပြစ်မှုကြီးနှစ်ခုနဲ့ တရားစွဲဆိုခံထားရပါတယ်။
အဲဒီဖမ်းဆီးချိန်အတွင်း ထိုင်းအာဏာပိုင်တွေအနေနဲ့ ၂၀၂၂ ခုနှစ်ညှဉ်းပန်းနှိပ်စက်မှုနဲ့ လူပျောက်ဆုံးမှုကာကွယ်တားဆီးရေး ဥပဒေပုဒ်မ ၂၂ အရ လုပ်ငန်းစဉ်တခုလုံးကို ဗီဒီယိုနဲ့အသံဖမ်းယူကာ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ဖို့အတွက် မဲဆောက်မြို့မရဲစခန်းသို့ လွှဲပြောင်းကာ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။











