Border News Agency
မကွေး၊ ဇွန် ၅။
မကွေးတိုင်း၊ မြိုင်စက်မှု ၂ ကနေ ထွက်လာတဲ့ အင်အား ၈၀ ခန့်ပါ အာဏာသိမ်းစစ်တပ်စစ်ကြောင်းဟာ ဇွန်လ ၄ ရက်နေ့က မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာက ပြည်သူ့နေအိမ် ၄၅ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇွန်လ ၁ ရက်နေ့ကလည်း ကုန်းရွာကျေးရွာရှိ နေအိမ် ၂၄ အိမ်ထက်မနည်းကိုမီးရှို့ခဲ့ပြီး ဒေသခံပြည်သူနှစ်ဦးကိုပါ သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဝက်ပုတ်ရွာဟာ အညာမြေတပ်ပေါင်းစုက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှာ ပျူစောထီးလက်ထဲကနေ ပြည်သူ့ကျေးရွာအဖြစ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီကျေးရွာဟာ အခုတကြိမ်အပါအဝင်ဆိုရင် အနည်းဆုံးလေးကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခံထားရတဲ့ရွာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကြောင်းကြောင့် လက်ရှိမှာ ဝက်ပုတ်ရွာအပါအဝင် အနီးအနားက ကျေးရွာလေးရွာထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။














