Border News Agency
မန္တလေး၊ဇွန် ၂၀။
မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်ရှိ ဟိုတယ်တခုမှာ ကျပ် ၁ ဒသမ ၆၅ ဘီလျံခန့် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၁ သိန်းကို ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC) က ဇွန်လ ၂၀ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ ပုလဲငွေရောင်ရပ်ကွက်အတွင်းရှိ YiLink ဟိုတယ်ကားပါကင်မှာ ရပ်နားထားတဲ့ BOXY အမျိုးအစား မော်တော်ယာဉ်ပေါ်က ဆာလာအိတ်တွေအတွင်းကနေ WY/R စာတန်းပါ စိတ်ကြွဆေးပြားတွေကို ဇွန်လ ၁၇ ရက်နေ့ကစစ်ဆေးတွေ့ရှိခဲ့တာလို့ဆိုပါတယ်။
အဲဒီ မူးယစ်ဆေးဝါးတွေနဲ့အတူ သယ်ဆောင်လာတဲ့ အသက် ၄၀ အရွယ် ရေဝတ (ခ) ဝင်းဇော်ကို ယာဉ်ပေါ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ ထွက်ဆိုချက်အရ ဆက်စပ်သူတွေဖြစ်တဲ့ ဇော်ဇော်နိုင်၊ စိုးမင်းထွန်းနဲ့ မောင်ဝင်းကြီး တို့ကိုလည်း ဟိုတယ်အတွင်းမှာပဲ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ ဖမ်းဆီးရမိတဲ့ အမျိုးသား ၄ ဦးကို မူးယစ်ဆေးဝါးဥပဒေနဲ့ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။










