Border News Agency
ထိုင်း၊ဇွန် ၂၀။
ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်၊ လောင်ခွမ်းမြို့နယ်အတွင်းမှာ အခြေစိုက်တဲ့ အကြီးစား မူးယစ်ဆေးဝါးသယ်ဆောင်မှုဂိုဏ်းကို အာဏာပိုင်ပူးပေါင်းအဖွဲ့က ကြားဖြတ်စီးနင်းခဲ့ပြီး စိတ်ကြွဆေးပြား ၁ ဒသမ ၂၄၆ သန်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
အဲဒီ မူးယစ်ဆေးဝါး သယ်ဆောင်လာသူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဝိုင်းဝန်းပိတ်ဆို့ ရှာဖွေချိန်မှာ အမှောင်ထုနဲ့ မြေပြင်အနေအထား ကျွမ်းကျင်မှုကို အသုံးချပြီး အနီးရှိတောတောင်ထဲသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြတယ်လို့ဆိုပါတယ်။
အာဏာပိုင်တွေဟာ ထွက်ပြေးသွားတဲ့ မူးယစ်မှောင်ခိုသမားတွေရဲ့ မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထားတွေကို စုံစမ်းသိရှိထားပြီလို့ဆိုပါတယ်။
အဲဒီ တရားခံတွေကို ဖမ်းဆီးနိုင်ဖို့အတွက် တရားရုံးကနေ ဖမ်းဝရမ်းထုတ်ပြန်နိုင်ရေး သက်သေအထောက်အထားတွေကို စုဆောင်းနေပြီး သူတို့နဲ့ ဆက်စပ်နေတဲ့ မူးယစ်ကွန်ရက်တခုလုံးကိုပါ လိုက်လံစုံစမ်းနေတယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ ကွန်ရက်တွေနဲ့ဆက်စပ်မှု ရှိ၊ မရှိကိုလည်း ထိုင်းအာဏာပိုင်တွေက ဆက်လက်ကွင်းဆက်ဖော်ထုတ်နေတယ်လို့သိရပါတယ်။















