Border News Agency
ပခုက္ကူ၊ဇွန် ၂၃။
မကွေးဒေသ၊ပခုက္ကူခရိုင်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်ကို တော်လှန်ရေးတပ်တွေပစ်ချတိုက်ခိုက်နိုင်ခဲ့တယ်လို့ မကွေး PDF မှ ဇွန်လ ၂၃ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ Mi-17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တစီးကို ဇွန် ၂၃ ရက်၊ဒီနေ့မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မြိုင်မြို့နယ်တနေရာမှာပစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရဟတ်ယာဉ်ပစ်ချခံရတာနဲ့ပတ်သက်လို့ အတည်ပြုနိုင်တာမရှိသေးပေမယ့် ဖြစ်စဉ်အသေးစိတ်အခြေအနေတွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ မကွေး PDFက ဆိုပါတယ်။
အာဏာသိမ်း စစ်တပ်အသုံးပြုနေတဲ့ Mi-17ရဟတ်ယာဉ်ဟာ ရုရှားနိုင်ငံထုတ်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးအတွက်သာမက တိုက်ခိုက်ရေးပိုင်းမှာ စစ်လက်နက်တွေတပ်ဆင်ပစ်ခတ်နိုင်တဲ့အပြင် ပြည်သူလူထုကို ဗုံးကြဲတိုက်ခိုက်ရာမှာလည်း အသုံးပြုနေတဲ့ရဟတ်ယာဉ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
ရဟတ်ယာဉ်ပစ်ခံရတဲ့ဖြစ်စဉ်နဲ့ပက်သက်လို့ အာဏာသိမ်းစစ်တပ်က တန်ပြန်တိုက်ခိုက်တာတွေ လုပ်ဆောင်လာမှာဖြစ်တာကြောင့် ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လေကြောင်းအန္တရာယ်အထူးဂရုစိုက်ကြဖို့ကိုလည်း မကွေး PDF က တိုက်တွန်းအသိပေးထားပါတယ်။










