Border News Agency
ထိုင်း၊ ဇွန် ၂၃။
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်မှာ ရွှေဆွဲကြိုးအစစ်ကို ရွှေအတုနဲ့လဲလှယ်ခိုးယူဖို့ ကြိုးစားခဲ့တဲ့ အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို ဇွန်လ ၂၂ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီအမျိုးသမီးဟာ ရွှေဆိုင်ထဲကိုဝင်လာပြီး ရွှေဆွဲကြိုးကို ဝယ်ချင်သယောင်ဟန်ဆောင်ကာ ကိုင်တွယ်ကြည့်ရှုခဲ့ပြီးနောက် ဆိုင်ရှင်ကိုပြန်ပေးအပ်တဲ့အချိန်မှာ အတုနဲ့လဲလှယ်ဖို့ ကြိုးစားခဲ့တာပါ။
ဆိုင်ရှင်ကပြန်ပေးလာတဲ့ ရွှေဆွဲကြိုးကိုစစ်ဆေးကြည့်တဲ့အခါ အတုဖြစ်နေတာကိုသတိထားမိခဲ့ပြီး အဲဒီအမျိုးသမီးကို စစ်ဆေးလိုက်တဲ့အခါမှာတော့ ခိုးထားတဲ့ ရွှေအစစ်ကိုပြန်တွေ့ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဆိုင်ရှင်ကဆိုင်တံခါးကိုပိတ်ဆို့ပြီး ရဲတပ်ဖွဲ့ကိုချက်ချင်းအကြောင်းကြားခဲ့တဲ့အတွက် အဲဒီအမျိုးသမီးကိုဖမ်းဆီးနိုင်ခဲ့တာပါ။
လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့အမျိုးသမီးကို ရွှေထည်ခိုးယူဖို့ ကြိုးစားမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဥပဒေအရအရေးယူဆောင်ရွက်နေပြီလို့ သိရပါတယ်။












