Border News Agency
အိန္ဒိယ၊ ဇွန် ၂၃။
အိန္ဒိယနိုင်ငံ၊ အူတာပရာဒေ့ရှ်ပြည်နယ်၊ လက်ခ်နောင်းမြို့မှာရှိတဲ့ Animation သင်တန်းကျောင်းတခုမှာ ဇွန်လ ၂၂ ရက်နေ့က မီးအကြီးအကျယ်လောင်ကျွမ်းခဲ့လို့ သင်တန်းသားလူငယ် ၁၅ ဦး သေဆုံးခဲ့ရပါတယ်။
အဲဒီသင်တန်းကျောင်းဟာ သုံးထပ်အဆောက်အအုံရဲ့ အပေါ်ထပ်မှာရှိတာဖြစ်ပြီး အောက်ထပ်မှာတော့ တိရစ္ဆာန်ဆေးကုခန်းနဲ့ အရောင်းဆိုင်တွေဖွင့်ထားတာပါ။
မီးလောင်တဲ့အချိန်မှာ အပေါ်ထပ်သင်တန်းခန်းထဲမှာ လူငယ် ၂၁ ဦးလောက် ပိတ်မိနေခဲ့တာဖြစ်ပါတယ်။
မီးခိုးလုံးတွေအရမ်းထူထပ်နေတဲ့အတွက် ကယ်ဆယ်ရေးသမားတွေဝင်ရောက်ဖို့တောင် အခက်အခဲဖြစ်ခဲ့ရပြီး လေစုပ်ပန်ကာတွေနဲ့ မီးခိုးတွေကိုအရင်ရှင်းထုတ်ပြီးမှ ကယ်ဆယ်နိုင်ခဲ့တာပါ။
အခုဖြစ်စဉ်မှာ သေဆုံးသူ ၁၅ ဦးအပြင် ဒဏ်ရာရသူ ၆ ဦး ရှိတဲ့အထဲက ၂ ဦးကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။
သေဆုံးသူတွေရဲ့ အများစုကတော့ အသက် ၁၆ နဲ့ ၁၇ နှစ်အရွယ် လူငယ်လေးတွေပဲ ဖြစ်ပါတယ်။
မီးဘယ်လိုစလောင်သလဲဆိုတာကိုတော့ တာဝန်ရှိသူတွေကစုံစမ်းနေဆဲဖြစ်သလို အဆောက်အအုံမှာ မီးဘေးလုံခြုံရေးအားနည်းချက်တွေ ရှိမရှိကိုလည်း စစ်ဆေးနေပါတယ်။















