Border News Agency
တံတားဦး၊ဩဂုတ် ၂၂။
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ကျုံးထိပ်ရပ်ရှိဒုဋ္ဌဝတီမြစ်ကမ်းဘေးမှ ဘုရားအမှတ် ၄၉၉ မှာ မြစ်ရေတိုက်စားမှုကြောင့်ကမ်းပါးနံရံပဲ့ကျကာ ပြိုကျလုနီးပါး ဖြစ်ပေါ်နေပါတယ်။
ဒုဋ္ဌဝတီမြစ်ရေတိုက်စားမှုနဲ့ ကျုံးရေစိမ့်ကျမှုကြောင့် ကမ်းပါးတွေပြိုကျနေတာဖြစ်ပြီး ဘုရားပြိုကျမှုမဖြစ်စေရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းကာ အရေးပေါ်တုတ်ရိုက်တာ၊ သဲအိတ်ချတာတွေလုပ်နေကြရပါတယ်။
ဒုဋ္ဌဝတီမြစ်ရေဟာ ဩဂုတ်လ ၈ ရက်မှ ၁၅ ရက်အထိမြစ်ငယ်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေခန့်အထိကျော်လွန်ခဲ့ပြီး လက်ရှိမှာစိုးရိမ်ရေမှတ်အောက် ပြန်လည် ကျဆင်းသွားပြီဖြစ်ပါတယ်။
အဲဒီမြစ်ရေမြင့်တက်ခဲ့မှုကြောင့် အမရပူရ၊ စဉ့်ကိုင်၊ပုလိပ်၊ တံတားဦးနဲ့အင်းဝ မြို့နယ်တွေအတွင်းရှိ ကျေးရွာတွေအတွင်းသို့ ရေဝင်ရောက်ခဲ့ပြီးဒေသခံတွေရေလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရပါတယ်။









