Border News Agency
ယူကရိန်း၊ ဩဂုတ် ၂၂။
ယူကရိန်းနိုင်ငံအလယ်ပိုင်း၊သမ္မတဇီလန်စကီးရဲ့ဇာတိမြို့ဖြစ်တဲ့ခရာဗီရားဟ်ရှိ စျေးဝယ်စင်တာတခုကို ရုရှားက ဩဂုတ်လ ၂၁ ရက်နေ့မှာ ဒရုန်းတွေနဲ့နှစ်ဆင့်ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် လူဆယ့်ငါးဦးထက်မနည်းသေဆုံးခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ပထမအကြိမ်ဒရုန်းထိမှန်ပြီးနောက် ကယ်ဆယ်ရေးအဖွဲ့တွေစုဝေးနေချိန်နာရီဝက်အကြာမှာ ဒုတိယအကြိမ်ထပ်မံပစ်ခတ်ခဲ့တာဖြစ်ပြီး လူတရာ့သုံးဆယ်ခန့်ဒဏ်ရာရရှိကာ သုံးဆယ်ခန့်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားရဲ့ ခုလိုစက်ဆုပ်ဖွယ်ရာလုပ်ရပ်အတွက် ကျိန်းသေပေါက် ပြန်လည်လက်တုံ့ပြန်သွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။
အမေရိကန်-အီရန်စစ်ပွဲကြောင့် ယူကရိန်းအတွက် လေကြောင်းကာကွယ်ရေးဒုံးကျည်တွေထောက်ပံ့မှု လျော့ကျလာတာကိုအခွင့်ကောင်းယူပြီး ရုရှားက ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်လာတာဖြစ်ပါတယ်။
အဲဒါကြောင့် လူ့အသက်တွေကိုကယ်ဆယ်နိုင်ဖို့အတွက် အနောက်မဟာမိတ်နိုင်ငံတွေအနေနဲ့ လေကြောင်းကာကွယ်ရေးဒုံးကျည်တွေပိုမိုထောက်ပံ့ပေးဖို့ ယူကရိန်းအစိုးရက အပူတပြင်းတိုက်တွန်းထားပါတယ်။









