Border News Agency
မဲဆောက်၊ အောက်တိုဘာ ၉။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှာ အောက်တိုဘာလ ၇ ရက်နေ့က မြန်မာငါးဦးဖမ်းခံရတယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ပါတယ်။
အဲဒီမဲဆောက်ဈေးအတွင်းမှာ ဈေးရောင်းအလုပ်လုပ်နေတဲ့ မြန်မာအမျိုးသားကို အလုပ်လုပ်ခွင့်လိုင်စင်မရှိဘဲလုပ်ကိုင်မှု၊ မဲဆောက်မြို့နယ်ဆိုင်တခုမှာ ဈေးရောင်းချနေတဲ့မြန်မာအမျိုးသားနှစ်ဦးကို လုပ်ပိုင်ခွင့်ပြင်ပမှာ အလုပ်လုပ်ကိုင်မှုနဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် ထိုင်း-မြန်မာတံတားအနီးမှာ အလုပ်လုပ်ကိုင်နေတဲ့မြန်မာတဦးကိုလည်း တရားမဝင်ဈေးရောင်းချမှု၊ ဈေးဆိုင်တဆိုင်မှာ အလုပ်လုပ်နေတဲ့မြန်မာတဦးကို လုပ်ပိုင်ခွင့်ပြင်ပမှာအလုပ်လုပ်ကိုင်မှုတွေနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိခဲ့တဲ့ မြန်မာလုပ်သားငါးဦးကို ထိုင်းအာဏာပိုင်တွေက ဥပဒေအရဆက်လက်အရေးယူဆောင်ရွက်နေပါတယ်။
မဲဆောက်မြို့နယ် ၊ Bua Khun လမ်းရှိ ကာရာအိုကေဆိုင်မှာ အလုပ်လုပ်နေတဲ့မြန်မာနိုင်ငံသားခြောက်ဦးကိုလည်း အောက်တိုဘာလ ၁ ရက်နေ့ကလည်း တရားမဝင် ဝင်ရောက်မှုနဲ့ အလုပ်သမားလက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။












