Border News Agency
အီရန်၊ ဩဂုတ် ၂၂။
အမေရိကန်နဲ့လပေါင်းများစွာ ဖြစ်ပွားနေတဲ့စစ်ပွဲကို အီရန်နိုင်ငံအနေနဲ့ အင်အားကြီးမားတဲ့အသာစီးရဒေသတွင်း အခြေအနေတခုကနေပြီး အဆုံးသတ်ဖို့အချိန်တန်ပြီလို့ အီရန်သမ္မတ မာဆီးဒ် ပီဇက်ရှကီယန် (Masoud Pezeshkian) က ပြောကြားလိုက်ပါတယ်။
အီရန်သမ္မတက သူတို့အနေနဲ့ သိက္ခာရှိရှိနဲ့အသာစီးရထားတဲ့အနေအထားမှာ စစ်ပွဲကိုအဆုံးသတ်တာက ပိုမိုကောင်းမွန်ကြောင်းနဲ့ အမေရိကန်ကအီရန်ရဲ့ စာသင်ကျောင်း၊ဆေးရုံနဲ့အခြေခံအဆောက်အအုံတွေကို စည်းကမ်းမဲ့တိုက်ခိုက်ခဲ့တာလို့ သြဂုတ်လ ၁၈ ရက်နေ့က ဆရာဝန်တွေနဲ့တွေ့ဆုံစဉ်ပြောဆိုခဲ့တာပါ။
တဖက်မှာလည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးလိုတဲ့ ဆန္ဒအပေါ် သံသယရှိကြောင်း သတင်းထောက်တွေကိုပြောကြားခဲ့ပြီး ဟော်မုဇ်ရေလက်ကြားတဝိုက်ဒေသတခုလုံးကို အမေရိကန်က အပြည့်အဝထိန်းချုပ်ထားနိုင်ကြောင်း ပြောဆိုထားပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်ကလည်း အီရန်အစိုးရပြိုလဲသွားစေဖို့ အရေးယူပိတ်ဆို့မှုတွေပိုမိုတိုးမြှင့်လုပ်ဆောင်သွားမယ်လို့သတိပေးထားပြီး ပိတ်ဆို့မှုဆိုင်ရာအသေးစိတ်အစီအစဉ်တွေကို သြဂုတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။
အဲဒီစီးပွားရေးပိတ်ဆို့မှုအစီအစဉ်အပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက “စီးပွားရေး အကြမ်းဖက်မှုလို့ ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချလိုက်ပြီး ဒီလုပ်ရပ်တွေမှာ ပါဝင်သူတွေတရားစွဲဆိုအပြစ်ပေးခံရမယ်လို့လည်း တုံ့ပြန်ထားပါတယ်။
အဲဒီအပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လင်းကျန်းကလည်း ဖိအားပေးအရေးယူပိတ်ဆို့မှုတွေဟာပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ကြောင်းပြောဆိုခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေး၊ သံတမန်ရေးနည်းလမ်းတွေနဲ့သာ ပြဿနာကိုဖြေရှင်းကြဖို့ တိုက်တွန်းထားပါတယ်။








