Border News Agency
မိုင်းလုံ၊ ဩဂုတ် ၂၂။
တအာင်းပြည်၊နမ့်ဆန်ခရိုင်၊မိုင်းလုံမြို့နယ်၊လွယ်ခမ်းကျေးရွာအထက်နားမှာ ကုန်တင်ယာဉ်တစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာကြောင့် အမျိုးသားနှစ်ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။
လားရှိုးမြို့မှ မန္တလေးမြို့သို့ သြဂုတ်လ ၂၀ ရက်၊မနက် ၉ နာရီခွဲအချိန်က လူသုံးကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့ကုန်တင်ယာဉ်ဟာ ရှေ့တိုင်လော့ပြုတ်ထွက်သွားတာကြောင့် လမ်းဘေးသို့တိမ်းမှောက်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်မှာ ခါး၊ခြေထောက်၊ ဒူးနဲ့ လက်ဆစ်မှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ဒေသခံပြည်သူအချို့က ဆေးကုသမှုခံယူနိုင်ဖို့ ဆေးရုံသို့ဝိုင်းဝန်းပို့ဆောင်ပေးခဲ့ကြပါတယ်။
အခင်းဖြစ်ပွားရာနေရာသို့ တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးမှုတွေဆောင်ရွက်ခဲ့ပါတယ်။
အဲဒီအပြင်ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်ကလည်း နမ့်ဆန်မှနောင်ချိုသို့ထွက်ခွာလာတဲ့ စားသောက်ကုန်တင်ယာဉ်တစီးဟာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နားယကျေးရွာအနီးလမ်းချော်ပြီး ချောက်အတွင်းတိမ်းမှောက်မှုဖြစ်ပွားခဲ့ပါသေးတယ်။









