Border News Agency
မီဇိုရမ်၊ ဩဂုတ် ၂၂။
အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊လောင်တလိုင်မြို့ရှိနေအိမ်လုံးကို နယ်မြေခံရဲတပ်ဖွဲ့နဲ့ ဒေသခံအဖွဲ့အစည်းတွေဝင်ရောက်စီးနင်းရာ ခူမီးအမျိုးသားတဦးအပြင် စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ငွေကြေးအချို့ သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီလောင်တလိုင်မြို့ရှိနေအိမ်တလုံးကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်၊ညပိုင်းက ရဲတပ်ဖွဲ့နဲ့အတူ Chanmari YLA အဖွဲ့တို့ပူးပေါင်းပြီး Chanmari ရပ်ကွက်ရှိ မြန်မာစစ်ဘေးရှောင်တွေနေထိုင်တဲ့တိုက်ခန်းတခုကို သတင်းအရသွားရောက်စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။
အဲဒီစီးနင်းမှုအတွင်း ၇.၆၂ ကျည် ၇၁ တောင့်၊၅.၅၆ကျည် ၁ တောင့်၊၉ မမကျည် ၁တောင့်၊ကျည်ကာအင်္ကျီ၊ စစ်ဝတ်စုံအများအပြားနဲ့အတူ မြန်မာငွေကျပ် ၃၄ သိန်း၊အိန္ဒိယရူပီး ၅ သိန်းတို့ကိုသိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီစီးနင်းခံရတဲ့နေရာဟာ ပလက်ဝမြို့နယ်အခြေပြု ခူမီးအမျိုးသားကွန်ကရက်ပါတီ/ခူမီးပြည်သူ့တပ်မတော် (KNCP/KPF)ရဲ့ ယာယီရုံးစိုက်ရာနေရာဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
အဲဒီဖမ်းဆီးခံရသူ ခူမီးအမျိုးသားတဦးနဲ့ သိမ်းဆည်းရမိတဲ့စစ်အသုံးအဆောင်ပစ္စည်းတွေကို ဒေသခံရဲတပ်ဖွဲ့ကထိန်းသိမ်းထားပါတယ်။










