Border News Agency
အမေရိကန်၊ ဇွန် ၂၃။
အမေရိကန်နဲ့ အီရန်တို့ကြားဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကိုအဆုံးသတ်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေမှာ တိုးတက်မှုတွေရှိလာတာနဲ့အမျှ အမေရိကန်အစိုးရဟာ အီရန်ရဲ့ ရေနံတင်ပို့မှုအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို တစိတ်တပိုင်းရုပ်သိမ်းပေးလိုက်ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ဇွန်လ ၂၂ ရက်နေ့မှာ ရက်ပေါင်း ၆၀ သက်တမ်းရှိတဲ့ ပိတ်ဆို့မှုကင်းလွတ်ခွင့်ကို ထုတ်ပြန်ပေးလိုက်တာဖြစ်ပြီး ဒါဟာ ယအီရန်ရေနံတွေကို အမေရိကန်နိုင်ငံထဲထိ တင်သွင်းရောင်းချနိုင်ဖို့ လမ်းစဖွင့်ပေးလိုက်တာပါ။
ဒီအစီအစဉ်ဟာဇွန်လ ၁၇ ရက်နေ့က နှစ်ဖက်လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာ (MoU) ပါ သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။
အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားမှာ လွတ်လပ်စွာသွားလာခွင့်ပြုဖို့နဲ့ အပြည်ပြည်ဆိုင်ရာအနုမြူစွမ်းအင်အေဂျင်စီ (IAEA) စစ်ဆေးရေးအဖွဲ့တွေကို သူတို့နိုင်ငံထဲမှာ စစ်ဆေးခွင့်ပြုဖို့ ကတိကဝတ်ပြုထားပါတယ်။”လို့အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent ဆိုပါတယ်။
အဲဒီကင်းလွတ်ခွင့်ဟာ လာမယ့်သြဂုတ်လ ၂၁ ရက်နေ့အထိသက်တမ်းရှိမှာဖြစ်ပြီး ရေနံစိမ်း၊ ရေနံထွက်ပစ္စည်းနဲ့ ဓာတုဗေဒထုတ်ကုန်တွေကိုပါ အကျုံးဝင်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံမှာပြုလုပ်နေတဲ့ ဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး အမေရိကန် ဒုသမ္မတ JD Vance ကလည်း အခုဆွေးနွေးပွဲတွေဟာ နောက်ဆုံးသဘောတူညီချက်တခုရရှိဖို့အတွက် အလွန်ကောင်းမွန်တဲ့အုတ်မြစ်တခုဖြစ်တယ်လို့ ပြောကြားပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီရန်အဓိကညှိနှိုင်းရေးမှူးတို့ကြား လူမှုကွန်ရက်ပေါ်ကနေအပြန်အလှန် စကားစစ်ထိုးမှုတွေရှိခဲ့ပေမယ့် ဆွေးနွေးပွဲတွေကတော့ ရပ်တန့်မသွားဘဲ တိုးတက်မှုတွေဆက်ရှိနေတာကို တွေ့ရပါတယ်။
အခုလိုပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တဲ့သတင်းတွေကြောင့် ရေနံဈေးနှုန်းတွေလည်း ကျဆင်းသွားခဲ့ပါတယ်။
အဲဒီအပြင် အီရန်ဘက်ကရေလက်ကြားကို ပြန်ပိတ်မယ်လို့ခြိမ်းခြောက်ထားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ဟော်မုဇ်ရေလက်ကြားအတွင်း ရေနံနဲ့ဂက်စ်တင်ဆောင်တဲ့ သင်္ဘောတွေရဲ့ဖြတ်သန်းမှုအရေအတွက် ပြန်လည်မြင့်တက်လာနေတယ်လို့လည်း သိရပါတယ်။










