Border News Agency
ချင်းမိုင်၊ဇွန် ၂၂။
ထိုင်းနိုင်ငံ၊ချင်းမိုင်ပြည်နယ်၊ဖန် (Fang)မြို့နယ်ဘက်မှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေကို တားဆီးဖို့လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး စစ်ဆေးမှုတွေလုပ်ခဲ့ရာကနေ စိတ်ကြွဆေးပြား ၉၉၄,၀၀၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းကြည်းတပ်ဖွဲ့ ပြန်ကြားရေးဌာန ဇွန်လ ၂၂ ရက်နေ့ကထုတ်ပြန်ပါတယ်။
အဲဒီဖန်မြို့နယ်၊မဲ့စွန်ကျေးရွာအုပ်စု၊လောင်းအော်ရွာနားမှာ ဇွန်လ ၂၁ ရက်မနက်ပိုင်းကလမ်းဘေးမှာ စွန့်ပစ်ထားတဲ့ အိတ်တွေ၊ သေတ္တာတွေကို ဒေသခံတွေက သံသယဖြစ်ပြီး သတင်းပေးပို့လာတာကြောင့် သွားရောက်စစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို စစ်ဆေးကြည့်လိုက်တဲ့အခါ အိတ် ၂ အိတ်နဲ့ ပလတ်စတစ်သေတ္တာ ၁ လုံးထဲမှာ စိတ်ကြွဆေးပြား စုစုပေါင်း ၉၉၄,၀၀၀ ကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ ဆေးဝါးတွေကို မူးယစ်ဆေးဝါးသမားတွေက နယ်စပ်ကနေတဆင့် မြို့တွင်းပိုင်းကို မသယ်ဆောင်ခင် ဒီနေရာမှာ ခေတ္တလာထားတာ ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ ဆေးပြားတွေကို ဖန်မြို့နယ်ရဲစခန်းကို ပို့ဆောင်ထားပြီး တရားခံတွေကို ဆက်လက်ဖော်ထုတ်နိုင်ဖို့နဲ့ ဥပဒေအရ အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။



















