Border News Agency
မန္တလေး၊ဇွန် ၂၂။
မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောရ်ခံ တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား အခြေအနေတွေတင်းမာလာနေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဘက်(PLA)ကဇွန်လ ၂၂ ရက်၊ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဘက်က ထောက်ပံ့ရေးရဲဘော် ၂ ဦးကို ဇွန်လ ၂၁ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဇွန်လ ၂၂ ရက်နေ့မှာလည်း သူတို့က ကား ၆ စီးနဲ့ အင်အားသုံးပြီး PLA တပ်ဖွဲ့ဝင်တွေကို ဝိုင်းပိတ်တာ၊ခြိမ်းခြောက်တာတွေ လုပ်တဲ့အပြင် တောင်သာမြို့နယ်ထဲကနေ ချက်ချင်းထွက်ခွာပေးဖို့အထိ အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ကို အတူတူတိုက်ခိုက်နေကြတဲ့အချိန်မှာ တော်လှန်ရေးအင်အားစုအချင်းချင်းကြား အခုလိုမျိုး ဖမ်းဆီးတားဆီးတာမျိုးကို ဘယ်လိုမှ လက်ခံလို့မရနိုင်ဘူးလို့ PLA က ဆိုပါတယ်။
ခုဖြစ်နေတဲ့ ပြဿနာတွေကို တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား စည်းလုံးညီညွတ်မှုရှိဖို့အတွက် အလေးအနက်ထားပြီး ဆွေးနွေးဖြေရှင်းသွားမယ်လို့ PLA က အသိပေးထားပါတယ်။










