Border News Agency
ဗြိတိန်၊ဇွန် ၂၃။
ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီသိပ္ပံ (IPFD)တည်ထောင်သူ ဒေါက်တာဆာဆာ ဦးဆောင်တဲ့အဖွဲ့ဟာဗြိတိန်လွှတ်တော်ကလွှတ်တော်အမတ်တွေ၊မူဝါဒချမှတ်သူတွေနဲ့ တွေ့ဆုံပြီးမြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ ဇွန်လ ၂၂ ရက်နေ့ကထုတ်ပြန်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအတွင်းက ပဋိပက္ခဒဏ်ခံ ပြည်သူတွေဆီလူသားချင်းစာနာမှု အကူအညီတွေ တိုက်ရိုက်ရောက်ရှိရေး၊နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေနဲ့ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြတာပါ။
အဲဒီအပြင် ဒေသတွင်းတည်ငြိမ်ရေးအတွက် စစ်ကောင်စီအပေါ် ပိုမိုထိရောက်တဲ့ အရေးယူပိတ်ဆို့မှုတွေ ချမှတ်နိုင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးမှာ နိုင်ငံတကာက ပံ့ပိုးကူညီနိုင်ရေးအတွက် မဟာဗျူဟာမြောက် ဖိအားပေးမှုတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
မြန်မာပြည်သူတွေရဲ့အသံကို နိုင်ငံတကာက နားထောင်ပေးနေဆဲဆိုတာကို ပြသတဲ့အနေနဲ့ အခုလို တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပြီး၊မြန်မာ့အရေးအတွက် ဆက်လက် ကြိုးပမ်းသွားမယ်လို့ IPFD က ထုတ်ပြန်ထားပါတယ်။













