Border News Agency
မောင်တော၊ဇွန် ၂၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့မှာ ဇွန်လ ၂၇ ရက်၊ဒီနေ့ မနက်က မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦး ခြေထောက်တဖက်ပြတ်ထွက်သွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အဲဒီ မောင်တောမြို့ ၃ မိုင်ရပ်ကွက်မှ အသက် ငါးဆယ်အရွယ် ဦးအောင်နိုင်မှာ ခြေကျင်းဝတ်နားကနေပြတ်ထွက်သွားခဲ့ပြီး ခန္တာကိုယ်အနှံ့လည်း ဒဏ်ရာတွေရသွားတယ်လို့သိရပါတယ်။
ဦးအောင်နိုင်ဟာ ဒီနေ့ မနက်၁၀ နာရီအချိန်ခန့်က မောင်တောမြို့၊ ၄ မိုင်ရပ်ကွက်် ဆင်နှစ်ကောင်ဘုန်းကြီးကျောင်း အနောက်ဖက်တောင်ကြားမှာမြေမြုပ်မိုင်းနင်းမိခဲ့တာလို့ ရွာသားတွေကဆိုကြပါတယ်။
အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရတာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊ မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူတွေဟာ မိုင်းတွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။








