Border News Agency
လာအို၊ ဇွန် ၃၀။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံသမ္မတသွန်လွန်စီဆူလစ်ရဲ့ ဖိတ်ကြားချက်အရ ဇူလိုင်လ ၃ ရက်ကနေ ၅ ရက်နေ့အထိ လာအိုနိုင်ငံကိုသွားရောက်ဖို့ရှိနေပါတယ်။
အဲဒီခရီးစဉ်ဟာ သူတို့အာဏာသိမ်းပြီး အစိုးရသစ်ဖွဲ့တဲ့ ၂ လကျော်ကာလအတွင်း တရုတ်နဲ့အိန္ဒိယနိုင်ငံတွေကို သွားရောက်ခဲ့ပြီးနောက်ပိုင်း တတိယမြောက်သွားရောက်တဲ့ အိမ်နီးချင်းနိုင်ငံခရီးစဉ်လည်း ဖြစ်ပါတယ်။
ခရီးစဉ်အတွင်းမှာတော့ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးကဏ္ဍတွေကို ဆွေးနွေးဖို့ရှိနေတယ်လို့သိရပါတယ်။
အဲဒီအပြင် နှစ်နိုင်ငံကြားရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနဲ့ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်တွေကိုလည်း ထည့်သွင်းဆွေးနွေးသွားဖွယ်ရှိနေတာပါ။
အာဏာသိမ်းစစ်တပ်ဟာ ပြည်တွင်းစစ်ရေးအရနယ်မြေအများအပြားကို ဆုံးရှုံးနေပြီး နိုင်ငံတကာသံတမန်ရေးမှာပါ အထီးကျန်နေတာဖြစ်ပါတယ်။
အဲဒါကြောင့်သူတို့အုပ်ချုပ်ရေးဟာ တရားဝင်မှုရှိကြောင်းပြသနိုင်ဖို့နဲ့ စစ်ရေး၊ စီးပွားရေးအရ အရေးပေါ်အကူအညီတွေရရှိဖို့ အိမ်နီးချင်းနိုင်ငံတွေကို အသည်းအသန် လှည့်လည်သွားရောက်နေရတာလို့ လေ့လာသူတွေကထောက်ပြကြပါတယ်။










