Border News Agency
မကွေး၊ဇူလိုင် ၂။
မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာ ဇွန်လနောက်ဆုံးပတ်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်ဘက်က ၁၀ ဦးသေဆုံးပြီး ဒရုန်းတစီးနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၁ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီချောက်မြို့နယ် ခလရ ၁၃ ကနေ ထွက်လာတဲ့ အာဏာသိမ်းစစ်ကြောင်းကို ဇွန်လ ၂၃ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးခရိုင်စစ်ဌာနက ဇောင်းတောကန်ကျေးရွာအနီးမှာ ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၅ ဦးသေဆုံးပြီး တိုက်ခိုက်ရေးဒရုန်းတစီးလည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ အပြင် ဇွန်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာလည်း လေးပင်ကုန်းကျေးရွာကိုဝင်လာတဲ့စစ်ကြောင်းကို PDF ဘက်က နင်းမိုင်း၊ တိုက်မိုင်း၊ ပဒေသာမိုင်းတွေနဲ့ ခုခံတိုက်ခိုက်ခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်ဘက်ကအများအပြားသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုအထိနာနေတဲ့ စစ်ကြောင်းကို ဇွန်လ ၂၇ ရက်နေ့မှာ စစ်ကူပေးဖို့မြေနီလိန်ကျေးရွာဘက်ကနေထွက်လာတဲ့အင်အား ၅၀ ခန့်ပါ အာဏာသိမ်းစစ်တပ် စစ်ကူစစ်ကြောင်းကို PDF က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ၅ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီကြားဖြတ်တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဆီကနေ MA-1 တလက်၊ MA-4 တစ်လက်၊ကျည်မျိုးစုံနဲ့ ဗုံးသီးတွေအပြင် စစ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ဖုန်း ၁၀ လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့လည်းဆိုပါတယ်။














