Border News Agency
ကျောက်တော်၊ဇူလိုင် ၂။
မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာတဲ့ပြည်တွင်းစစ်ပဋိပက္ခတွေကြောင့် ဘက်ပေါင်းစုံက သေဆုံးသူအရေအတွက်ဟာ အခုဆိုရင်တသိန်းကျော်အထိ ရှိလာပြီလို့ လက်နက်ကိုင်ပဋိပက္ခတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ ACLED အဖွဲ့ကဇူလိုင်လ ၁ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီအာဏာသိမ်းမှုကြောင့် မြန်မာ့ပဋိပက္ခဟာ အာရှဒေသမှာ သေဆုံးမှုအများဆုံး ဖြစ်လာပြီး နိုင်ငံတဝှမ်းမှာ တော်လှန်ရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်းတသောင်းနှစ်ထောင်ကျော် လှုပ်ရှားနေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေ ပြင်းထန်လွန်းတာကြောင့် အရပ်သားပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ သေဆုံးနေရသလို မိသားစုဝင်တွေကိုတောင် ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ခွင့်မရတဲ့အထိ ဆိုးရွားနေတာပါ။
စစ်ရေးအရ ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ တော်လှန်ရေးဘက်က အသာစီးရခဲ့ပေမယ့် နောက်ပိုင်း တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် အာဏာသိမ်းစစ်တပ်ဘက်က ပြန်ရုန်းကန်နိုင်ဖို့ ကြိုးစားနေသလို စစ်မှုထမ်းဥပဒေကို အသုံးချပြီး လူငယ်တွေကို ရှေ့တန်းသေတွင်းထဲ အတင်းအဓမ္မ ပို့ဆောင်နေတယ်လို့ ACLED က ထောက်ပြထားပါတယ်။
အဲဒီအပြင် စစ်ဘေးရှောင် ပြည်သူသုံးဒသမ ခုနှစ်သန်းကျော်ရှိနေပြီး ငါးဦးမှာတဦးနှုန်းဟာ အစားအစာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
နောက်ပြီးစစ်ပွဲရဲ့ ဆိုးကျိုးတွေကြောင့် နယ်စပ်ဒေသတွေမှာ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန်း) လုပ်ငန်းတွေပိုမိုကျယ်ပြန့်လာတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးလေ့လာသူတွေကတော့ ပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ လူမှုစီးပွားပျက်စီးမှုဒဏ်ကို အလူးအလဲခံနေရပြီး စစ်အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းရန်နဲ့ စစ်မီးတွေကြောင့် အသက်အာမခံချက်မရှိဘဲ စိုးရိမ်ထိတ်လန့်စွာဖြင့် အိမ်နီးချင်းနိုင်ငံတွေဘက်ကို နေ့စဉ် တိုးဝှေ့ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။










