Border News Agency
မီဇိုရမ်၊ ဇူလိုင် ၂။
အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်၊ ဇိုရင်ပွီ (Zorinpui)စစ်ဆေးရေးဂိတ်အနီး မှောင်ဗူးချွားကျေးရွာမှာမူးယစ်ဆေးဝါးတွေဖမ်းဆီးရမိခဲ့တယ်လို့ အာသံရိုင်ဖယ်တပ်ဖွဲ့က ဇူလိုင်လ ၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကကာလတန်ဖိုး အိန္ဒိယရူပီးငါးဒသမလေးကုဋေ (မြန်မာငွေ ကျပ်သိန်းပေါင်း တသောင်းငါးထောင်ကျော်)တန်ဖိုးရှိ မက်သဖက်တမင်း စိတ်ကြွဆေးပြားတဒသမရှစ်ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့တာလို့ဆိုပါတယ်။
အဲဒီပူးပေါင်းစစ်ဆင်ရေးအတွင်း စိတ်ကြွဆေးပြားတွေနဲ့အတူ ပြစ်မှုကျူးလွန်သူနှစ်ဦးကိုဖမ်းဆီးရမိခဲ့ပြီး အဲဒီအထဲမှာမြန်မာနိုင်ငံသားတဦး ပါဝင်နေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် သူတို့ဆီကနေ လက်ကိုင်ဖုန်းနှစ်လုံးကိုလည်း သိမ်းဆည်းရမိခဲ့ပြီး အဲဒီဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ တရားခံတွေကိုတော့ ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့အတွက် ဘုန်တလန်ရဲစခန်းကို လွှဲပြောင်းထားတယ်လို့ဆိုပါတယ်။
အာသံရိုင်ဖယ်တပ်ဖွဲ့အနေနဲ့ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုကို တိုက်ဖျက်ဖို့နဲ့မီဇိုရမ်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အခုလို မူးယစ်ဆေးဝါးနှိမ်နင်းမှုတွေကို အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။











